ဗာရာဏသီပြည်ကြီးဝယ် ကုန်ပစ္စည်းများ ပေါကြွယ်ဝလှသဖြင့် ကုန်သည်များသည် အတိုင်းတိုင်းအပြည်ပြည် အနယ်နယ်အရပ်ရပ်သို့ လှည်းတပ်ကြီးများဖြင့်ချီကာ ကုန်ရောင်းထွက်လေ့ရှိကြသည်။
တစ်နေ့သော် လှည်းငါးရာစီရှိသော ကုန်သည်အစုနှစ်စုသည် တစ်နေ့တည်း ကုန်ရောင်းထွက်ရန် အချိန်တိုက်လို့နေသည်။ ပညာရှိ လှည်းမှူးသည် လှည်းတစ်ထောင်ဖြင့် ခရီးရှည်ကို အတူထွက်လျှင် ကန္တာရခရီးဝယ် အစာရေစာရှားပါးပြီး လူရော နွားပါ ပင်ပန်းဆင်းရဲလိမ့်မည်။ ကုန်ပစ္စည်းများလည်း စုပုံများပြားနေမည်ဖြစ်သဖြင့် တစ်နယ်တကျေး၌ ဈေးကောင်းလည်း ရမည်မဟုတ်ဟု ဆင်ခြင်မိသည်။ ထို့ကြောင့် တစ်ဖက်လှည်းမှူးနှင့် တွေ့ဆုံပြီး မည်သူ့အဖွဲ့ ဦးစွာထွက်မည်နည်းဟု တိုင်ပင်ကြသည်။
တစ်ဖက်လှည်းမှူးသည် “မိမိတို့အဖွဲ့ အရင်သွားလျှင် စားနိုင်သောအပင်များမှာ မည်သူမျှ မစားထားရသေးသဖြင့် လူနှင့်နွားတို့ ဝလင်စွာ စားသောက်နိုင်မည်။ ကုန်အရောက်ဦးသဖြင့် ပစ္စည်းများလည်း ကြိုက်ဈေးဆိုနိုင်မည်။ အပြန်တွင်လည်း အလိုရှိရာကုန်ကို ဈေးချိုချိုနှင့်ဝယ်ပြီး ဗာရာဏသီပြည်ဝယ် ဈေးကောင်းကောင်းဖြင့် ပြန်လည်ရောင်းချနိုင်မည်။” ဟု တွေးကာ မိမိတို့ လှည်းငါးရာအစုမှ အရင်ထွက်မည်ဟု အဆိုပြုသည်။
ပညာရှိလှည်းမှူးသည် “ရှေ့မှသွားနှင့်မည်ဖြစ်သော လှည်းငါးရာအဖွဲ့သည် တောလမ်းခရီးကို ဖြတ်သန်းသည့်အခါ ချုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်းသွားကြရပေမည်။ လှည်းငါးရာ သွားနိုင်ရန်အတွက် မြေလမ်းကိုလည်း ပြုပြင်ကြရပေမည်။ ထို့ကြောင့် မိမိတို့ လှည်းငါးရာသွားသည့်အခါ လှည်းလမ်းမှာ အသင့်ရှိနေမည်ဖြစ်သဖြင့် လူရောနွားပါ ချမ်းသာစွာ ခရီးဆက်နိုင်မည်။ ရှေ့မှသွားနှင့်သူတို့သည် ရင့်ထော်နေပြီဖြစ်သော ဟင်းရွက်နှင့် မြက်တို့ကို စားသုံးကြရမည်။ မိမိတို့အဖွဲ့ ခရီးထွက်သည့်အခါ အသစ်ထပ်ထွက်လာမည့် ဟင်းရွက်နုနှင့် မြက်နုတို့ကို စားသုံးကြရပေမည်။ ရှေ့မှသွားနှင့်သူတို့သည် ကုန်ဈေး သတ်မှတ်ထားနှင့်ပြီ ဖြစ်သဖြင့် မိမိတို့ ရောင်းချသည့်အခါ ဈေးကိုအထူးတလည် တောင်းနေစရာ မလိုတော့ပေ။” ဟု ကြံစည်ကာ တစ်ဖက်လှည်းမှူး၏ အဆိုပြုချက်ကို အသာတကြည့် ခွင့်ပြုလိုက်သည်။
တစ်ဖက်လှည်းငါးရာသည် တောအုပ်များကို ဖြတ်သန်းသည့်အခါ လမ်းဖောက်သွားကြရသည်။ ရင့်ထော်နေသော ဟင်းသီးဟင်းရွက်တို့ကို လှည်းသမားတို့သည် ချက်ပြုတ်စားသောက်ရသည်။ နွားတို့သည် ကြမ်းတမ်းသောမြက်များကို စားရသည်။ ပင်ပန်းစွာ ခရီးဆက်ပြီးနောက် တောအုပ်ကိုလွန်လျှင် တစ်မျှော်တစ်ခေါ် ကျယ်ပြန့်လှသော သဲကန္တာရကို ရောက်သည်။ ရေနှင့် အစားအသောက်တို့ကို သယ်ဆောင်ပြီး ကန္တာရခရီးကို ဆက်ကြရပြန်သည်။
သဲကန္တာရအလယ်ရောက်သော် လှည်းယဉ်ကြော့နှင့် လူတစ်ဆယ့်နှစ်ယောက်တို့သည် ရေများစိုးရွှဲပြီး ရွှံ့နွံများပေကြံလျှက် ကြာပန်းကိုပန်၊ ကြာရိုးကိုလည်မှာဆွဲ၊ ကြာစွယ်ကိုဝါးစားကာ တပျော်တပါး လာနေကြသည်ကို တွေ့ရသည်။ လှည်းမှူးနှင့် တွေ့ကြလေသောအခါ မဝေးလှသော အရှေ့တွင် ကြာပင်တို့ဖြင့် လှပအေးမြသော ရေကန်ကြီးရှိသည်။ နွားတွေလည်း ပန်းလှပြီ။ လှည်းပေါ်မှ သောက်ရေတို့ကို လွှင့်ပစ်လိုက်ကြပါတော့ ဟု တိုက်တွန်းစကားဆိုသည်။ စင်စစ်သော် ထိုသူများမှာ ဘီလူးများသာဖြစ်တော့သည်။ လှည်းမှူးလည်း သဲကန္တာရအလယ်တွင် ရေကန် ရှိနိုင် မရှိနိုင် မစဉ်းစားတော့ဘဲ သယ်ဆောင်လာသော ရေတို့ကို သောက်သုံးချိုးငင်စေပြီး ပိုသည်များကို စွန့်ပစ်စေသည်။ ရှေ့ခရီးဆက်ရာ အချိန်အတော်လင့်သည်အထိ မည်သည့်ရေကန်မျှ မတွေ့ရပေ။ လူနှင့်နွားတို့သည် ရေငတ်သည့်ဒဏ်ကို မခံနိုင်ကြတော့ဘဲ နုံးချိယိုင်နဲ့ကာ ထ၍ပင် မထိုင်နိုင်တော့ချေ။ ထိုအခါမှ ဘီလူးတို့သည် လူနှင့်နွားများအား လွယ်ကူစွာ သတ်ဖြတ်စားသောက်ကြကုန်သည်။
ပညာရှိလှည်းကုန်သည် ဦးဆောင်သော လှည်းငါးရာအဖွဲ့သည် သတ်မှတ်ထားသောအချိန်ရောက်သော် ကုန်ရောင်းခရီးထွက်လာကြသည်။ တောအုပ်ကို ဖြတ်သန်းသည့်အခါ လှည်းလမ်း အဆင်သင့်သဖြင့် ကန္တာရခရီးအစကို လျှင်မြန်စွာရောက်သည်။ သဲကန္တာရအလယ်ရောက်သော် ပထမလှည်းငါးရာအတိုင်း ဘီလူးတို့သည် ပရိယာယ်ဆင်ကြပြန်သည်။ ပညာရှိလှည်းမှူးသည် ထိုသူတို့သည် မျက်တောင်လဲနီသည်၊ မျက်တောင်လည်းမခတ်၊ အရိပ်လည်းမထွက် လူမဖြစ်နိုင် ဘီလူးသာ ဖြစ်ရမည်။ မျက်စိတစ်ဆုံး သဲကန္တာရာပြင်ကျယ်ကြီးသာ မြင်ရသည်။ ရေကန်ရှိသည်ဆိုသည်မှာလည်း မဖြစ်နိုင်။ ထို့ပြင် ခရီးမထွက်ခင် စုံစမ်းချက်အရ ဤကန္တာရကို ရှေးကပင် အမနုဿကန္တာရလို့ ခေါ်ခဲ့ကြသည်ဟု ဆင်ခြင်မိပြီး ရေတို့ကို မသွန်ပစ်ဘဲ ဆက်လက်ခရီးဆက်သည်။
ဘီလူးတို့သည် ကျန်းမာသန်စွမ်းလှသော လှည်းသားငါးရာအစုကို မတိုက်ခိုက်နိုင်သဖြင့် လက်လျော့ကာ ကျန်နေရစ်သည်။ ရက်အနည်းငယ် ခရီးဆက်ပြီးသော် ရှေးကသွားနှင့်သော လှည်းသားများနှင့် နွားတို့၏အရိုးများ ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပညာရှိ ကုန်သည်လှည်းမှူးသည် ပိုင်ရှင်မဲ့နေပြီဖြစ်သော ကုန်ပစ္စည်းများထဲမှ တန်ဖိုးကြီးသော ကုန်ပစ္စည်းများကိုသာ ရွေးချယ် ယူငင်စေသည်။ မိမိတို့ ကုန်များထဲမှ တန်ဖိုးနည်းသည်များကို ထားခဲ့စေသည်။ ဆက်လက်ခရီးဆက်ရာ ကန္တာရကိုလွန်ပြီး တစ်နယ်တစ်ကျေးသို့ ရောက်သည်။ ကုန်ပစ္စည်းများမှာ နှစ်ဆဈေးဖြင့် ရောင်းရသဖြင့် အမြတ်ကြီးစွာ ကျန်သည်။ ထိုဒေသမှ ကုန်ပစ္စည်းများကိုလည်း အဖိုးနှုန်းချိုသာစွာဖြင့် ဝယ်ယူခဲ့ပြီး မိမိတို့ အရပ်ဒေသတွင် ထပ်မံရောင်းချသည့်အခါတွင်လည်း အဖိုးအခများစွာ ရပြန်သည်။
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ အပဏ္ဍကဇာတ်တွင် ဦးဆောင်ရသူတို့သည် သူများပြောတိုင်းမယုံသင့်ကြောင်း၊ မိမိဘာသာ အကြောင်းအကျိုး ဆက်စပ်စဉ်းစား တွေးတောသင့်ကြောင့်၊ ဗဟုသုတ တီးမိခေါက်မိရှိထားဖို့လည်း လိုအပ်ကြောင်း၊ မိမိတစ်ချက်မှားလျှင် မိမိနောက်လိုက်သည့်သူများပါ ပျက်စီးဘေးသင့်မည်ကို အစဉ်တွေးပြီး သတိကြီးစွာထားသင့်ကြောင်း မှတ်သားမိသည်။ အိမ်ထောင်ဦးစီးများသည်လည်း မိသားစုတစ်စု၏ ခေါင်းဆောင်များပင် မဟုတ်ပါလော။
ချမ်းမြေ့ (ရိုးရာလေး)