အီရန်လေပိုင်နက်ထဲက လေကြောင်းခရီးစဉ်အားလုံးကို လမ်းကြောင်းပြောင်းလဲလိုက်ပြီလို့ စင်ကာပူလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီ လုပ်ကြံခံရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဇန်နဝါရီလ ၈ ရက်အစောပိုင်းက အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ လေတပ်အခြေစိုက်စခန်းတွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံက ပြောခဲ့ပြီးနောက်မှာ စင်ကာပူလေကြောင်းလိုင်းက အခုလို ဆုံးဖြတ်ခဲ့တာပါ။
“အီရန်လေပိုင်နက်ထဲ ဖြတ်သန်းနေတဲ့ စင်ကာပူလေကြောင်းလိုင်းရဲ့ လေကြောင်းခရီးစဉ်အားလုံးကို လမ်းကြောင်းပြောင်းပြေးဆွဲသွားမှာပါ’’ လို့ စင်ကာပူလေကြောင်းလိုင်းက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့(FAA)ကလည်း အမေရိကန်လေယာဉ်တွေကို အီရတ်၊ အီရန်၊ အိုမန်ပင်လယ်ကွေ့၊ အီရန်-ဆော်ဒီနိုင်ငံကြား ရေလမ်းကြောင်းအပေါ်ဘက် လေပိုင်နက်ထဲ ဝင်ရောက်ခွင့်ပိတ်ပင်သွားမယ်လို့ ကြေညာထားပါတယ်။ အီရတ်နိုင်ငံမှာ အမေရိကန်စစ်တပ်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့စစ်သည်တွေ စခန်းချနေတဲ့ အန်းအယ်အဆတ်နဲ့ အာဘီဒေသ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်း အနည်းဆုံးနှစ်ခုကို အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည် တစ်ဒါဇင်ကျော်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူ ရှိ၊ မရှိ တိတိကျကျ မသိရသေးပါဘူး။
Nz (ရိုးရာလေး)