အီဂျစ်နိုင်ငံက ဂီဇာပိရိမစ်တွေဟာ ရှေးဟောင်းအဆောက်အဦးတွေဖြစ်ပြီး ကမ္ဘာပေါ်မှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်ဆုံးနေရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ နှစ်ပေါင်း (၄၀၀၀) ကျော်သက်တမ်းရှိနေတဲ့ ပိရိမစ်တွေရှိတဲ့နေရာကို လူတိုင်းသွားချင်ခဲ့ကြပါတယ်။ Social media influencer တစ်ယောက်ကတော့ ဂီဇာပိရိမစ်ရဲ့ထိပ်ဆုံးကို တက်ရင် ဘယ်လိုဖြစ်မလဲဆိုတာကို သိရှိသွားခဲ့ပါတယ်။
အင်စတာဂရမ်မှာ followers (၃) သန်းကျော်ရှိတဲ့ ဗီတာလီ ဇာဒိုရိုဗတ်စကီ (Vitaly Zdorovetskiy) က အကြီးဆုံးပိရိမစ်တွေထဲက တစ်ခုပေါ်မှာ ရိုက်ထားတဲ့ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အဲဒီပုံမှာ သူ့ခြေထောက်သာ ပါဝင်တဲ့အတွက် သူ တကယ်ပဲ ပိရိမစ်ရဲ့ထိပ်ကို ရောက်ခဲ့တာလားဆိုတာပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက ပိရိမစ်ရဲ့ထိပ်ဆုံးကို တက်ခဲ့တဲ့အတွက် အချုပ်ချခဲ့တာတော့ သိသာပါတယ်။
တင်ထားတဲ့ပုံနဲ့အတူ ရေးသားထားတာကတော့ “လွန်ခဲ့တဲ့ (၅) ရက်က ကျွန်တော်ဖြတ်သန်းခဲ့ရတာကို ရှင်းပြဖို့ စကားလုံးမရှိလောက်အောင်ပါပဲ။ ဂီဇာပိရိမစ်ပေါ် တက်ခဲ့တဲ့အတွက် အီဂျစ်မှာ ကျွန်တော် အချုပ်ကျခဲ့ပါတယ်။ ကျွန်တော် ခဏခဏ အချုပ်ကျဖူးပါတယ်။ ဒါပေမဲ့ ဒီတစ်ခုက အရမ်းဆိုးရွားခဲ့ပါတယ်။ ကျွန်တော် ကြောက်စရာကောင်းတဲ့အရာတွေ မြင်ခဲ့ပါတယ်။ ဒါမျိုး အခြားသူတွေမဖြစ်ဖို့ ဆုတောင်းပါတယ်။ ကျွန်တော် ဒါကို ကောင်းတဲ့စိတ်နဲ့လုပ်ခဲ့တာပါ။ မကြာခင်မှာ ဗီဒီယိုတစ်ခုလုံးကို တင်ပေးတော့မှာပါ။ တစ်ကမ္ဘာလုံးမြင်အောင်လို့ပါ” ဆိုတဲ့စာသားပါပဲ။
Social Media Influencer ဗီတာလီက အချုပ်ကျခဲ့ပေမယ့်လည်း ပိရိမစ်တွေဆီ ရောက်ရှိခဲ့တဲ့ဗီဒီယိုကို အရည်အသွေးကောင်းကောင်းနဲ့ လူမှုကွန်ရက်အသုံးပြုသူတွေကို ချပြနိုင်ခဲ့ပါတယ်။ အချုပ်ထဲမှာ ရက်အနည်းငယ်နေခဲ့တာနဲ့တန်အောင် ဗီတာလီက followerအသစ်တွေ တိုးလာတော့မှာဖြစ်ပါတယ်။
Ref: Instagrammer thrown in jail for climbing one of Giza’s pyramids
WL (ရိုးရာလေး)