ထီရယ်ထန်းအတွက် ၂၀၂၀ ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ် ပြိုင်ဘက် ၃ ဦး

yyl-011-12.jpg

ONE Championship နှင့်အတူ ၂၀၁၉ ခုနှစ်တွင် ပွဲထွက်ခွင့် ရရှိခဲ့သည့် ချင်းတိုင်းရင်းသား ထီရယ်ထန်းသည် ၂၀၁၉ ခုနှစ်တွင် ၂ပွဲ ယှဉ်ပြိုင် ကစားခဲ့ပြီး ပွဲတိုင်း ဒိုင်ဆုံးအဖြတ် ရမှတ်ဖြင့် အနိုင်ရရှိထားသည်။ ထီရယ်ထန်းသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို မြန်မာနိုင်ငံဂုဏ်ဆောင် မြန်မာစပါးအုံး အောင်လအန်ဆန်၏ ကူညီသင်ပြပေးမှူဖြင့် စင်မြင့်ပေါ်သို့ တက်လှမ်းလာသူတစ်ဦးဖြစ်သည်။

ထီရယ်ထန်းသည် ချင်းရိုးရာ နပမ်း အားကစားတွင် ၄ ကြိမ်တိုင် ချန်ပီယံ ဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်တွင်လည်း နပမ်းပြိုင်ပွဲပေါင်းများစွာကို အနိုင်ရရှိထားသည်။ ထီရယ်ထန်းသည် ဝိတ်တန်း၂ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းနှင့် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Martin Nguyen တို့၏ အနီးကပ် လေ့ကျင့်သင်ကြားမှူနှင့်အတူ အနာဂတ်တွင် ပိုမိုတောက်ပလာမည့် ကစားသမားတစ်ဦးဟုလည်း အားလုံးက မှတ်ချက်ပြုထားသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်အတွင်း ထီရယ်ထန်း ဆုံတွေ့ယှဉ်ပြိုင်ရဖွယ်ရှိသည့် ဘင်တန်ဝိတ်တန်း ကစားသမား ၄ဦးကို ပရိသတ်များအတွက် ရွေးချယ် ဖော်ပြပေးလိုက်ရပါသည်။

၁။ ၂၀၁၉ ခုနှစ်တွင် လင်းလက်လာသည့် Mark Fairtex Abelardo

ONE Warrior Series 3 တွင် အမေရိကန်ဒေါ်လာ တစ်သိန်းတန် စာချုပ်ချုပ်ဆိုခွင့် ရရှိခဲ့သူ Mark Fairtex Abelardo သည် ၂၀၁၉ ခုနှစ်တွင် ၃ပွဲ ယှဉ်ပြိုင် ကစားခွင့်ရရှိခဲ့ပြီး ၂ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားသည်။ Mark Abelardo သည် ၎င်း၏ သက်လုံနှင့် ကြံခိုင်မှူ၊ လက်သီး၊ တံတောင်တို့၏ လျင်မြန်ထိရောက်မှူတို့ကို ONE Championship အဖွင့်ပွဲဖြစ်သည့် ဂျပန်နိုင်ငံသား Daichi Takenaka နှင့် ပွဲတွင် အံ့အားသင့်ဖွယ် ပြသနိုင်ခဲ့သည်။

သို့သော် ဒုတိယမြောက်ပွဲတွင် ဂျပန်နိုင်ငံသား Shooto ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Shoko Sato နှင့်တွေ့ဆုံခဲ့သည်ပွဲတွင်မူ ဒုတိယအချီတွင် ရံှူးနိမ့်ခဲ့သည်။ ၎င်းနောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ONE: Dawn of Valor ပြိုင်ပွဲတွင်မူ တရုတ်နိုင်ငံသား Jumayi Ayideng ကို ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည်။

ထီရယ်ထန်းအနေဖြင့် ONE: Mark of Greatness ပြိုင်ပွဲတွင် ၎င်း၏ တိုးတက်လာသော စွမ်းရည်ကို ပြသနိုင်ခဲ့ပြီး ONE Warrior Series တွင် တစ်ပွဲသာ ကစားခဲ့ရပြီး စာချုပ်ချုပ်ဆိုခွင့်ရခဲ့သူ Woon Kyoum Kim ကို ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထီရယ်ထန်း၏ လျင်မြန်ဖျတ်လက်မှူ၊ တွဲလုံးလက်သီးများမှာ ကြောက်စရာကောင်းလှသလို Mark Abelardo ၏ ကြံခိုင်မှူနှင့် လက်သီး၊ တံတောင် ပြင်းအားတို့မှာလည်း ကြောက်စရာ ကောင်းလှသည်။ ထို့ကြောင့် ထီရယ်ထန်းနှင့် Mark Abelardo တို့တွဲဆိုင်းသာ ဖြစ်ပေါ်လာပါက ပရိသတ်ကို အကောင်းဆုံး ရသအပြည့်ပေးနိုင်မည်ဖြစ်သည်။

၂။ အင်ဒိုနီးရှား၏ အကောင်းဆုံး ဘင်တန်ဝိတ်ချန်ပီယံ Sunoto

သက်တမ်းတစ်လျောက် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ ၁၈ ပွဲအထိ ကစားထားပြီး အတွေ့အကြုံပေါင်းများစွာ ရရှိထားသူ “The Terminator” Sunoto သည် အင်ဒိုနီးရှားနိုင်ငံ၏ အကောင်းဆုံး ဘင်တန်ဝိတ်တန်း ကစားသမား တစ်ဦးဖြစ်သည်။ ၎င်းသည် တိုက်ကွမ်ဒို၊ ဂျူဂျစ်ဆု၊ ကရာတေး နှင့် ကစ်ဘောက်ဆင်ကို ကျွမ်းကျင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး WKF အင်ဒိုနီးရှား ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးသည်။

Sunoto သည် ပြိုင်ဘက်များကို ၎င်းပိုင်နိုင်သည့် မြေပြင်ချုပ်ကွက်ဖြင့် အသာစီးရအောင် ကစားနိုင်သည့် ကစားသမားဖြစ်ပြီး ပြိုင်ဘက်၏ အခြေအနေပေါ်ကြည့်၍ ချုပ်ကွက် တစ်ကွက်မှ တစ်ကွက်သို့ လျင်မြန်စွာ ပြောင်းလဲနိုင်သူဖြစ်သည်။ အတွေ့အကြုံများစွာရှိသော်လည်း ယခုအချိန်တွင် အသက်အရွယ်အားဖြင့် ၃၅ နှစ်အတွင်းသို့ ချဉ်းကပ်လာရာ သက်လုံပိုင်းကျလာသည့် အလျောက် နောက်ဆုံး ၂ ပွဲတွင် အရံှူးများနှင့် ရင်ဆိုင်ထားရသည်။ အသက် ၂၆ နှစ်သာ ရှိသေးပြီး လှူပ်ရှားမှူ လျှင်မြန်သည့် ထီရယ်ထန်းနှင့် သက်လုံပိုင်း ကျသွားပြီ ဖြစ်သော်လည်း ပညာရပ်ပိုင်းတွင် အကောင်းဆုံများ ပိုင်ဆိုင်ထားသည့် Sunoto တို့ ထိပ်တိုက် တွေ့ဆုံခဲ့ပါက ကြည့်ကောင်းမည့်ပွဲတစ်ပွဲ ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။

၃။ မလေးရှားနိုင်ငံရဲ့ လူငယ်ခြေတက် Muhammad Aiman

အသက် ၂၄ နှစ်အရွယ်ရှိ Muhammad Aiman သည် ONE: Throne of Tiger ပြိုင်ပွဲတွင် ဘရာဇီး ဂျုဂျစ်ဆု ချန်ပီယံ Eduardo Novaes ကို ဒုတိယအချီ၌ ဒိုင်ပွဲရပ်နှင့် အနိုင်ယူခဲ့ပြီးနောက် တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့သည့် လူငယ်ကစားသမား တစ်ဦးဖြစ်သည်။ ၎င်းကို မလေးရှားပရိသတ်များက အနာဂတ်တွင် ဘင်တန်ဝိတ်တန်း၏ ကမ္ဘာ့ချန်ပီယံ ဖြစ်လာရန်အထိပင် ရည်မှန်းထားကြသည်။ မာဂုဏ်ဖြင့် နာမည်ကျော်ပြီး ကျောက်လူသားဟု ကြိုးဝိုင်နာမည်တွင်လာသူ Chen Lei ကိုပင် ဒုတိယအချီ၌ မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သူလည်းဖြစ်သည်။ သို့သော် Aiman သည် ၎င်း၏ နောက်ဆုံးပြိုင်ပွဲဖြစ်သည့် ONE: Mark of Greatness ပြိုင်ပွဲုတွင်မူ ပြိုင်ဘက် တရုတ်နိုင်ငံသား Chen Rui ကို ဒိုင်ဆုံးဖြတ်ချက်ဖြင့် ရံှူးနိမ့်ထားသည်။

အလွတ်တန်းပုံစံဖြင့် ယှဉ်ပြိုင်တက်ပြီး ပြိုင်ဘက်ကို လျင်မြန်သည့် လက်သီးတွဲလုံးများ ကန်ချက်များနှင့် တစိုက်မတ်မတ်တိုက်ခိုက်တက်သူ Aiman သည် ပြိုင်ဘက်၏ တန်ပြန်တိုက်စစ်များကို ခုခံရာတွင်မူ အားနည်းချက်များစွာရှိသည်။ ထီရယ်ထန်းသည်လည်း တိုက်စစ်ရော ခံစစ်ကိုမျှတပြီး လျင်မြန်သူဖြစ်ရာ ၎င်းတို့နှစ်ဦးဟာ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါက ကြည့်ကောင်းသည့်တွဲဆိုင်းဖြစ်လာပေမည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top