လေးပွဲဆက်အနိုင်ရခဲ့သည့် ပုညစိုင်း၏ အောင်မြင်မှုလျှို့ဝှက်ချက် (၄) ခု

viber_image_2019-08-02_10-51-03.jpg

သြဂုတ် (၆) ရက်နေ့က စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ONE Warrior Series 7 ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ကစားသမား ပုညစိုင်းသည် အိန္ဒိယကစားသမား Raghvendra Singh ကို ပထမအချီတွင်ပင် မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သည်။ ပုညစိုင်းသည် ယင်းပွဲမတိုင်မီကလည်း ONE Warrior Series ပြိုင်ပွဲ (၃) ပွဲဆက်အနိုင်ရထားသဖြင့် ယခုနိုင်ပွဲသည် ၎င်း၏ စတုတ္တမြောက်နိုင်ပွဲဖြစ်လာခဲ့သည်။ ကစားသည့်ပွဲတိုင်း အနိုင်ရပြီး ရှုံးပွဲမရှိရလဒ်ဖြင့်ရှေ့ဆက်နေသည့် ပုညစိုင်း၏ အောင်မြင်မှုများနောက်ကွယ်မှ လျှို့ဝှက်ချက်များကို သုံးသပ်တင်ပြလိုက်ပါသည်။

ပြင်းထန်သောလေ့ကျင့်ပြင်ဆင်မှု

ပုညစိုင်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့်ပွဲကို ပြီးခဲ့သည့်ဧပြီလအတွင်းက ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သဖြင့် ယခုပွဲမတိုင်မီတွင် လေ့ကျင့်ပြင်ဆင်ချိန် လေးလနီးပါးရရှိခဲ့သည်။ ထို့ပြင် ပုညစိုင်းသည် မိသားစုရှိရာ နယူးဇီလန်ကို စွန့်ခွာပြီး Bali MMA တွင် စခန်းသွင်းလေ့ကျင့်နေသည်မှာလည်း နှစ်နှင့်ချီ၍ ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ပုညစိုင်းအနေဖြင့် ယခုပွဲအတွက် လုံလောက်သည့်လေ့ကျင့်ပြင်ဆင်မှုရှိခဲ့သည်ဟု ဆိုနိုင်သည်။ အရည်အချင်းပြည့်ဝသောနည်းပြများ၏ သင်ပြညွှန်ကြားမှုအောက်တွင် ကာလရှည်ကြာလေ့ကျင့်ခွင့်ရခဲ့ခြင်းက ပုညစိုင်းကို နိုင်ပွဲများဆက်စေခဲ့သည့် အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။ ၎င်း၏ လေ့ကျင့်ရေးရုံဖြစ်သော Bali MMA သည် Xiong Jing Nan၊ Ev “ET” Ting၊ Keanu Subba၊ Agilan Thani စသည့် နာမည်ကြီးကစားသမားများ လေ့ကျင့်သည့်နေရာလည်းဖြစ်သဖြင့် ၎င်းအနေဖြင့် အကောင်းဆုံး လေ့ကျင့်ဖော်များဖြင့် လေ့ကျင့်နိုင်ခဲ့သည်။

ပွဲမတိုင်မီကလည်း ပုညစိုင်းက လေ့ကျင့်ရေးတွင် အကောင်းဆုံးဖြစ်အောင်ကြိုးစားလေ့ကျင့်နေသည်ဟု ဆိုခဲ့ဖူးသည်။ အားနည်းချက်များလျော့နည်းလာပြီး အားသာချက်များပို၍များပြားလာအောင်ကြိုးစားခြင်းက ၎င်းအဖို့ ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပင်ဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။ ထို့ပြင် ပုညစိုင်း၏ ပြိုင်ပွဲအတွေ့အကြုံများအရ မိမိ၏ပြိုင်ဘက်သည် မတ်တပ်ရပ်တိုက်ခိုက်မှုတွင်အားသန်သူဖြစ်နိုင်သလို မြေပြင်ချုပ်ကွက် ကျွမ်းကျင်သူလည်းဖြစ်နိုင်သည်ဟု သိရှိလာခဲ့သည်။ ထို့ကြောင့် လေ့ကျင့်ရေးတွင် အထက်ပါကစားကွက်နှစ်မျိုးလုံးတွင်အားသာစေရန် အပြင်းအထန်လေ့ကျင့်ခဲ့ရသည်။ ပုညစိုင်း၏ နိုင်ပွဲများကိုလေ့လာကြည့်ပါက ပြိုင်ဘက်ကို ချုပ်ကွက်ဖြင့်အနိုင်ယူခဲ့သည့်ပွဲ (၂) ပွဲ၊ အလဲထိုးပွဲ (၁) ပွဲနှင့် အမှတ်ဖြင့်နိုင်သည့်ပွဲ (၁) ပွဲ ဖြစ်ကြောင်းတွေ့ရှိရသဖြင့် ကြိုးဝိုင်းအတွင်း ဘက်စုံကျွမ်းကျင်သူတစ်ဦးဖြစ်စေရန်လေ့ကျင့်နေကြောင်း ပေါ်လွင်စေသည်။

မှန်ကန်သည့်ပွဲတွင်းနည်းဗျူဟာ

ပုညစိုင်းသည် ကြိုးဝိုင်းအတွင်း ပြိုင်ဘက်ကို မည်သည့်နည်းလမ်းဖြင့်ရင်ဆိုင်ရမည်ဆိုသည်ကို မှန်ကန်စွာနည်းဗျူဟာ ချမှတ်တတ်သည့်ကစားသမားဖြစ်နေခြင်းကလည်း ၎င်းကို နိုင်ပွဲများဆက်စေနိုင်ခဲ့သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ၎င်း၏ ပထမဆုံးပြိုင်ပွဲကိုလေ့လာကြည့်ပါက ကရာတေးသမားစိုင်းဉာဏ်လင်းကို မတ်တပ်ရပ်တိုက်ခိုက်မှုတွင် သိသိသာသာ အသာစီးမရခဲ့သည့်တိုင် မြေပြင်ချုပ်ကွက်နှင့် ပွဲသိမ်းနိုင်အောင် နည်းဗျူဟာသုံးခဲ့သည်ကိုတွေ့ရသည်။ ဒုတိယပွဲတွင်မူ လူကောင်ကြီးပြီးနှေးကွေးလေးလံသည့် Krishna Lal Tamang ကို သွက်လက်သည့်လက်သီးတွဲလုံးများသုံးကာ ပထမအချီတွင်ပင် လှဲချနိုင်ခဲ့သည်ကိုတွေ့ရသည်။

ပုညစိုင်း၏ တတိယမြောက်ပွဲသည် ၎င်း၏ နည်းဗျူဟာကို အကောင်းဆုံးမြင်တွေ့ခွင့်ရသည့်ပွဲ ဖြစ်သည်။ ယင်းပွဲတွင် မြေပြင်ချုပ်ကွက်နှင့် မတ်တပ်ရပ်တိုက်ခိုက်မှု နှစ်မျိုးစလုံးကျွမ်းကျင်သည့်ပြိုင်ဘက် Shafkat Khodzhakulov ကို သုံးချီပြည့်အောင်ထိန်းကစားခဲ့ပြီး နောက်ဆုံးတွင် အမှတ်ဖြင့်အနိုင်ယူခဲ့ခြင်းက ၎င်း၏ နည်းဗျူဟာအလုပ်ဖြစ်ခဲ့ပုံကို ပြသနေသည်။ ယခုနောက်ဆုံးရင်ဆိုင်ခဲ့သည့် Raghvendra Singh မှာ နပမ်းသမားဖြစ်သလို ပုညစိုင်းထက် ခန္ဓာကိုယ်လည်း အနည်းငယ်ပိုမိုထွားကျိုင်းဟန်ရှိသဖြင့် ပထမပိုင်းတွင် လူချင်းမပူးမိစေရန်ရှောင်ကစားခဲ့သည်။ မလွှဲမရှောင်သာ ပူးမိသည့်အခါတွင်မူ အပေါ်မှခန္ဓာကိုယ်ဖြင့် အဖိခံရခြင်းမျိုးမဖြစ်စေရန်ရှောင်ကစားရင်း ပွဲသိမ်းချုပ်ကွက် အသုံးပြုသွားခဲ့ခြင်းဖြစ်သည်။

မဆုတ်မနစ် ထက်သန်သောစိတ်ဓာတ်

ပုညစိုင်းကို ကြိုးဝိုင်းအတွင်းတွင်ရော ကြိုးဝိုင်းပြင်ပတွင်ပါ အကောင်းဆုံးတွန်းအားပေးမောင်းနှင်သည့်အရာမှာ ၎င်း၏ ထက်သန်သောစိတ်ဓာတ်ဖြစ်သည်။ Bali MMA သို့ စတင်လာရောက်လေ့ကျင့်ကတည်းကပင် အောင်မြင်မှုမရမချင်း လှည့်မပြန်ရန် စိတ်ဆုံးဖြတ်၍ကြိုးစားခဲ့ခြင်းဖြစ်သည်။ ONE Warrior Series မှ လာရောက်၍ လူရွေးချယ်သည့်အခါတွင်လည်း ပဏာမရွေးထားသည့်စာရင်းထဲတွင် ပုညစိုင်းမပါဝင်ခဲ့သော်လည်း မလျှော့သောစိတ်ဓာတ်ဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်နေသည့်၎င်းကို လူရွေးချယ်သည့်ပုဂ္ဂိုလ်များကမျက်စိကျပြီး ထပ်မံရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အသက် (၂ဝ) သာရှိသေးသူပုညစိုင်းသည် လေ့ကျင့်ရေးတွင်ရော ကြိုးဝိုင်းအတွင်းတွင်ပါ ပြင်းထန်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ကစားတတ်သူဟု Bali MMA မှ လေ့ကျင့်ဖော် ဘိုဇဟီနာ “တိုတို” အန်တိုနီယာက ဆိုခဲ့ဖူးသည်။ ပုညစိုင်း ယှဉ်ပြိုင်ခဲ့သည့်ပွဲများကိုကြည့်သောအခါတွင်လည်း ပွဲတိုင်းတွင် ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ကစားတတ်သည်ကိုတွေ့ရသည်။ Lal Tamang နှင့် ပွဲတွင်ဆိုလျှင် ပွဲစတင်သည့် အချိန်ကတည်းကပင် ပြိုင်ဘက်ကို မနားတမ်းလိုက်လံထိုးနှက်ခဲ့သဖြင့် (၁၄) စက္ကန့်တွင်ပင် အလဲထိုးရလဒ်ဖြင့်အနိုင်ရခဲ့သည်။ Khodzhakulov နှင့် ပွဲတွင်လည်း ပြိုင်ဘက်ကအသာစီးရနေသည့်အချိန်များတွင် လုံးဝ အလျှော့မပေးဘဲ ကြံ့ကြံ့ခံတုံ့ပြန်ခဲ့သည်ကိုမြင်တွေ့ခဲ့ကြရသည်။

စနစ်ကျနသည့်အထောက်အပံ့ကောင်းများ

ပုညစိုင်း၏ အောင်မြင်မှုနောက်ကွယ်မှ အရေးအကြီးဆုံးအချက်တစ်ချက်မှာ ၎င်း၏ Bali MMA ကလပ်မှ အသင်းဖော်နှင့် နည်းပြများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုဖြစ်သည်။ အသင်းဖော် အန်တိုနီယာ၏ ပြောစကားအရ Bali MMA မှ နည်းပြများသည် ပုညစိုင်းအပေါ် မျှော်လင့်ချက်ကြီးစွာဖြင့် နည်းစနစ်ကျကျလေ့ကျင့်ပေးနေသည်ဟု သိရသည်။ ထို့ပြင် ယခုကဲ့သို့ လေ့ကျင့်ရေးကလပ်တွင် စရိတ်စကများအတွက်စိုးရိမ်ပူပန်စရာမလိုဘဲ စိတ်လွတ်ကိုယ်လွတ်လေ့ကျင့်နိုင်စေရန်အတွက်လည်း စပွန်ဆာပေးကြသည့်စီးပွားရေးလုပ်ငန်းများကလည်း ပုညစိုင်းအတွက်အကောင်းဆုံးပံ့ပိုးမှုများ ဖြစ်သည်။

ပုညစိုင်း၏ နည်းပြအဖွဲ့နှင့် လေ့ကျင့်ဖော်များသည် ၎င်းပြိုင်ပွဲမဝင်အချိန်တွင် ညွှန်ကြားပြသမှုများလုပ်ပေးသလို ပွဲအတွင်း ယှဉ်ပြိုင်နေသည့်အချိန်တွင်လည်း ကြိုးဝိုင်းအကူအဖြစ် လိုက်ပါလာကာ အနီးကပ် ညွှန်ကြားမှုများပြုလုပ်ပေးကြသည်။ ပွဲအတွင်း ပြိုင်ဘက်၏ လွတ်ကွက်၊ ဟာကွက်များကို တစ်ချိန်လုံးစောင့်ကြည့်ကာ ကြိုးဝိုင်းဘေးမှနေ၍ ပုညစိုင်းကို အနီးကပ် ညွှန်ကြားပေးမှုကြောင့် ယခုကဲ့သို့ နိုင်ပွဲများ ရရှိနိုင်ခြင်းဖြစ်သည်။ နောက်ဆုံးကစားခဲ့သည့်ပွဲဆိုလျှင် ONE Championship ၏ နာမည်ကြီးမလေးရှားကစားသမား Gianni Subba က ပုညစိုင်းကို ကြိုးဝိုင်းဘေးမှ အချိန်ပြည့်ညွှန်ကြားနေခဲ့သည်ကိုတွေ့ခဲ့ရသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top