ရသစုံ စာအုပ်များ အညွှန်း

24129951_1664554576921820_7261309710766539539_n.jpg

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း စာအုပ်ဖတ်ခြင်းနဲ့ပဲ ပြင်ပဗဟုသုတအတော်များများကို ရှာမှီးနိုင်တာ စာဖတ်သူတို့ အသိပါ။ စာရေးသူ တစ်ခေါက်ပြောဖူးသလို အမှားတွေကို သင်ယူဖို့ ကိုယ်ကိုယ်တိုင် အရာရာကို လိုက်မှားနေဖို့ မလိုပါဘူး။

မှားခဲ့ဖူးသူတွေဆီက အတွေ့အကြုံတွေကို နာယူမှတ်သားပြီး ကိုယ့်အတွက်သင်ခန်းစာယူခြင်းဟာလည်း ကိုယ့်အတွက် အမြတ်ပါပဲ။ ဒီထဲမှာမှ စာအုပ်တွေဟာ လောကသင်ခန်းစာတွေကို သင်ယူနိုင်ဖို့ အကောင်းဆုံး ရတနာတွေပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရိုးရာလေး ပရိသတ်ကြီးကို ဗဟုသုတ၊ သင်ခန်းစာနဲ့ ယူတတ်မယ်ဆို ကိုယ့်အတွက် ပညာတွေချည်း ရနိုင်မယ့် စာအုပ်သုံးအုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖတ်ဖူးပြီးသားလူတွေလည်း ရှိမှာဖြစ်သလို မဖတ်ရသေးတဲ့သူတွေလည်း ရှာဖွေ ဖတ်ရှုနိုင်ဖို့ ရည်ရွယ်ပါတယ်။ ပထမဆုံးညွှန်းပေးချင်တဲ့စာအုပ်ကတော့ စာရေးသူ အနှစ်သက်ဆုံးစာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ ဆရာကြီး ရန်ကုန်ဘဆွေရဲ့ “မြန်မာပြည်သား” ဝတ္ထုပါ။

ဒီစာအုပ်မှာဆိုရင် ရှေးမြန်မာတို့ရဲ့ ယဉ်ကျေးမှုထုံးတမ်းတွေဖြစ်တဲ့ လူပျိုလှည့်ခြင်းဓလေ့တွေ၊ ရက်ကန်းခတ်တဲ့ ဓလေ့တွေ၊ မင်ကြောင်ထိုးကြတဲ့ ဓလေ့တွေနဲ့ မြန်မာမှုတွေအများကြီးကို တွေ့ရမှာပါ။ လရောင်အောက်မှာ ဗိုင်းငင်ရင်း လူပျို၊ အပျို စကားထာဝှက်ကြတဲ့အခါ အပျိုလေးရင်ခုန်အောင် ဘယ်လိုစကားထာတွေသုံးလို့ မသိမသာ ချစ်ရေးဆိုကြသလဲ။ မင်ကြောင်ထိုးရင် ဘယ်အချိန်တွေကို စောင့်ပြီး ဘယ်လိုထိုးကြသလဲ စတဲ့ ယဉ်ကျေးမှုတွေအပြင် ရှေးလူတွေရဲ့ မျိုးချစ်စိတ်တွေ၊ နောက် မြန်မာ့ရိုးရာ လက်ပန်းသတ်တဲ့ပညာရပ်တွေ၊ အနောက်တိုင်းသားတွေက လူရိုင်းလို့ သတ်မှတ်ထားတဲ့မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးတဲ့ ဓလေ့တွေ၊ ချစ်မြတ်နိုးစရာ စိတ်ထားတွေကို ပီပီပြင်ပြင်မြင်တွေ့ရမှာပါ။ ကုန်းဘောင်ခေတ်ဦးကို နောက်ခံထားတဲ့ ဒီဝတ္ထုမှာ စာရေးသူ ရန်ကုန်ဘဆွေရဲ့ ဗဟုသုတ၊ အရေးအသားစွမ်းရည်၊ ဇာတိမြေကို ခင်တွယ်စိတ်၊ စာဖတ်သူတွေအပေါ် ထားတဲ့ စေတနာတွေကို အထင်းသားမြင်တွေ့နိုင်ပါတယ်။ မြန်မာ့ဓလေ့ကို လေ့လာလိုသူတွေအတွက်တော့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ရယ်လို့သာ ညွှန်းလိုက်ပါရစေ။

ဒုတိယတစ်အုပ်အနေနဲ့ ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင် (ရွှေလင်းယုန်) ရဲ့ “သူ” ဝတ္ထုအကြောင်းလေး ပြောပြချင်ပါတယ်။ လောကကြီးမှာ လူကောင်းရယ်၊ လူဆိုးရယ်ဆိုတာ ခွဲခြားမရပေမယ့် ဒီဝတ္ထုထဲက ဇာတ်ကောင် ကိုမြင့်မောင်ကတော့ အတ္တအကျိုးကို လုံးဝမကြည့်ဘဲ အရာရာအတွက် ကိုယ်ကိုယ်တိုင် အနစ်နာခံပေးခဲ့တဲ့ သူတော်ကောင်းကြီးတစ်ယောက်ပါ။ အထင်လွဲမှုတွေ၊ ချောက်ချမှုတွေ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပြီး အသက်အန္တရာယ်ကိုပါ ရန်ရှာတဲ့အထိ အငြိုးထားတဲ့သူတွေရှိနေတာကို သိသိရက်နဲ့ ဒီလို မကောင်းကြံတဲ့သူတွေကိုပဲ ကြီးမားလှတဲ့ မေတ္တာတွေ ပေးဆပ်ပြီး ခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူသွားခဲ့သူပါ။

ဒီဝတ္ထုထဲက ဇာတ်ကောင် ကိုမြင့်မောင်ကနေတစ်ဆင့် ဆရာကြီး ရွှေလင်းယုန်ခေါ် ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ပရဟိတစေတနာ၊ သူတစ်ပါးအတွက် အနစ်နာခံလိုတဲ့စိတ်နဲ့ အရေးကြုံလာရင် ကိုယ်ကျိုးစွန့်ပြီး ကူညီတတ်တဲ့ ဖြူစင်တဲ့ စေတနာတွေကို အထင်းသားမြင်နေရပါတယ်။ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး” ရယ်လို့စကားပုံရှိခဲ့ပေမယ့် တကယ်တမ်း လူ့လောကကြီးဟာ ကိုယ်ထင်နေသလို ကြင်နာတတ်တဲ့ လောကကြီးမဟုတ်ပါဘူး။ ရက်စက်မှုတွေ၊ အကောက်ကြံမှုတွေ၊ ချောက်တွန်းမှုတွေ၊ အတ္တကြီး တစ်စိတ်တစ်ခွဲနဲ့ ကိုယ့်ကိုလှေကားထစ်လို အသုံးချမှုတွေ၊ နောက်ကျောကထိုးတဲ့ဓားတွေနဲ့ ပြည့်နှက်နေတဲ့ ကြောက်စရာလောကကြီးမှာ စိတ်ထားဖြူစင်လွန်းပြီး ကိုယ်ကျိုးစွန့်လို့ ကိုယ့်အတွက်ကိုယ်မကြည့်၊ တစ်ပါးသူအတွက်သာ ဦးစားပေးတတ်တဲ့ ကိုမြင့်မောင်လို လူမျိုးကလည်း ရှားပါးလှပါတယ်။ “သူ”ဝတ္ထုမှာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ ကိုမြင့်မောင်လို လူမျိုးကို အရင်းရှင်တို့ အသိုင်းအဝိုင်းထဲ ထည့်ပြထားလိုက်တာက လောကရဲ့ မမျှတမှုတွေကို အထင်းသားပြလိုက်သလိုပဲမို့ စာဖတ်ရသူတွေလည်း ကရုဏာရသတွေနဲ့ စုပ်တသပ်သပ်ဖြစ်ကျန်ခဲ့ရတဲ့ ဂန္ထဝင်ဝတ္ထုတစ်အုပ်လို့သာ ဆိုလိုက်ပါရစေ။

နောက်ဆုံးတစ်အုပ်အနေနဲ့ ညွှန်းဆိုပေးချင်တာကတော့ “ယောနသံ စင်ရော်” ဆိုတဲ့ ဝတ္ထုပါ။ ဒီဝတ္ထုဟာ အထက်မှာဖော်ပြခဲ့တဲ့ ဝတ္ထုတွေလို ခပ်ထူထူ၊ စာများများနဲ့ ရသစာအုပ်တွေလိုမဟုတ်တဲ့ စာအုပ်ခပ်ပါးပါးလေး တစ်အုပ်ပါ။ ဘယ်လောက်မှ မများတဲ့ စာမျက်နှာတွေဟာ တစ်မျက်နှာ၊ တစ်မျက်နှာချင်းစီကနေ အားအင် အသစ်တွေ၊ အသစ်တွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီဝတ္ထုရဲ့ မူရင်းဝတ္ထုကတော့ Richard Bach ရဲ့ “Jonathan Livingston Seagull” ဆိုတဲ့ စာအုပ်ဖြစ်ပြီး ၁၉၇ဝတုန်းက စတင်ထုတ်ဝေခဲ့ပြီး ယနေ့အချိန်ထိ ဘာသာစကား ၃၇မျိုးနဲ့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီးပါပြီ။ မြန်မာမှာတော့ ဆရာ ဦး ဘသန်း (ဓမ္မိက)က “ယောနသံ စင်ရော်”ဆိုတဲ့ နာမည်နဲ့ ပြန်ဆိုရေးသားခဲ့ပါတယ်။ ဒီစာအုပ်မှာ ဇင်ဗုဒ္ဓဘာသာအယူအဆတွေမြောက်များစွာ ပါဝင်ပြီး စဉ်းစားလေ၊ နက်နဲလေ၊ အဖြေရှာမရဖြစ်လေ ဆိုတဲ့ အရေးအသားမျိုးတွေလည်း အများကြီးပါဝင်ပါတယ်။ နက်နက်နဲနဲစဉ်းစားလိုက်တိုင်း အဖြေရှာမရတဲ့ အတွေးမျိုးတွေကိုလည်း အများကြီး ပေးစွမ်းနိုင်တဲ့စာအုပ်ပါ။

ဒီစာအုပ်ကို ရိုးရာလေး ပရိသတ်ကို ညွှန်းပေးရတဲ့ အကြောင်းရင်းကတော့ စာအုပ်ကနေ စွမ်းအင်တွေ ရယူစေချင်လို့ပါပဲ။ ဒီစာအုပ်ကိုဖတ်တဲ့သူရဲ့ အသက်အရွယ် အပိုင်းအခြားပေါ်လိုက်ပြီး ခံစားရတဲ့ ရသတွေ၊ စွမ်းအင်တွေ ကွာခြားသွားရတာကလည်း ဒီစာအုပ်ရဲ့ အသက်ပါပဲ။ အကြိမ်ကြိမ် ကြိုးစားတယ်၊ ကြိုးစားနေလျက်က အကြိမ်ကြိမ် ကျရှုံးနေတဲ့ စင်ရော်လေးတစ်ကောင်ကတောင် အဆင့်အမြင့်ဆုံးဆိုတဲ့ နေရာကို ရောက်အောင် တက်လှမ်းသွားနိုင်သေးတာပဲ။ ကြိုးစားဖို့က ကိုယ့်အလုပ်ပါ။ အောင်မြင်သည်၊ မအောင်မြင်သည်ဆိုတာထက် ကိုယ်ဘယ်ပန်းတိုင်ကို ရည်မှန်းထားပြီး ဘယ်လိုကြိုးစားရုန်းကန်ခဲ့တယ်ဆိုတာကသာ ကိုယ့်ရဲ့ မှတ်တိုင်ဖြစ်လာပါလိမ့်မယ် ဆိုတဲ့ အတွေးကို ရစေတဲ့ စာအုပ်ပေါ့။ စိတ်ဓာတ်ကျတိုင်းမှာ ဒီစာအုပ်ကို ဖတ်ကြည့်ပါ။ အင်အားတွေ ရလာပါလိမ့်မယ်။ စာတွေလည်း အများကြီးမပါတဲ့အတွက် တော်ရုံစာဖတ်ပျင်းသူတွေတောင် အဆုံးထိ ဖတ်နိုင်လိမ့်မယ် ထင်ပါတယ်။ ဖတ်ရလည်း လွယ်ကူပါတယ်။ စင်ရော်တစ်ကောင်အကြောင်းက ဘာများကမ္ဘာကျော်စရာရှိလို့လဲလို့ အတွေးဝင်လာခဲ့ရင်တော့ တစ်ခါလောက်သာ ဖတ်ကြည့်လိုက်ပါ။ အဖြေကို ချက်ချင်းသိသွားပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ပါရစေ။ ရိုးရာလေး ပရိသတ်တွေအားလုံး စာအုပ်တွေကတစ်ဆင့် အားအင်တွေရနိုင်ကြပါစေလို့ ရည်သန်လျက်…။

Angelic Demon ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top