တစ်ခါက မြို့တစ်မြို့မှာ အဘိုးအိုတစ်ဦးတည်း နေထိုင်ပါသတဲ့။ အဘိုးအိုဟာ သူ့ရဲ့အာလူးခြံကို တူးချင်ပေမဲ့ ဒီအလုပ်က သူ့အတွက် အရမ်းကို ခက်ခဲနေခဲ့ပါတယ်။ သူ့ကို ကူညီပေးခဲ့ဖူးတဲ့ သူ့ရဲ့တစ်ဦးတည်းသော သားဟာလည်း အချုပ်ကျနေတော့ သူတစ်ယောက်တည်း မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေပါသတဲ့။ ဒါနဲ့ အဘိုးအိုဟာ သူ့ရဲ့ဖြစ်ရပ်ကို သူ့သားဖြစ်သူထံ စာရေးပြောလိုက်ပါတယ်။
သားရေ
ဒီနှစ်တော့ အဖေ့ရဲ့ အာလူးစိုက်ခင်းကို စိုက်နိုင်တော့မှာ မဟုတ်ဘူးထင်ပါတယ်။ သားအမေ ရှိစဉ်အခါက ဒီလိုစိုက်ပျိုးတဲ့ အချိန်တွေကို သူအမြဲ နှစ်သက်သဘောကျခဲ့တော့ ဒီလိုမလုပ်ရတာကို အဖေအရမ်းပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ မြေကွက်တွေ တူးဖို့ကလည်း အဖေက အရမ်းကို အသက်ကြီးပြီလေ။ သားသာ ရှိနေမယ်ဆိုရင် ဒီလိုဒုက္ခတွေ ရှိမှာမဟုတ်ပါဘူး။ သားသာ အချုပ်ထဲမှာ ရှိမနေဘူးဆိုရင် သားက အဖေ့အတွက် မြေတွေ ဖော်ပေးမှာ အဖေ နားလည်ပါတယ်။
ချစ်တဲ့
အဖေ
သိပ်မကြာခင်မှာပဲ အဘိုးအိုက စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာက “အဖေရေ မြေတွေမတူးပါနဲ့။ အဲဒီမှာ သေနတ်တွေ သား မြှုပ်ထားခဲ့တယ်” လို့ ရေးထားသတဲ့။ နောက်တစ်နေ့နံနက် လေးနာရီလောက်မှာ FBI ရဲတွေနဲ့ ဒေသခံရဲတွေ ရောက်လာပြီးတော့ ခြံတစ်ခုလုံးကို တူးသွားကြပါသတဲ့။ ဒါပေမဲ့ ဘာသေနတ်မှတော့ ရှာမတွေ့ခဲ့ကြပါဘူး။
အဘိုးအိုလည်း စိတ်ရှုပ်ထွေးစွာနဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ သူ ဘာဆက်လုပ်ရမလဲဆိုတာ သူ့သားထံကို နောက်ထပ်စာတစ်စောင် ရေးပို့လိုက်ပါတယ်။ သားဖြစ်သူရဲ့ ပြန်စာထဲမှာက “အဖေ့ရဲ့အာလူးတွေကို ဆက်စိုက်လိုက်ပါ အဖေ။ ဒါဟာ ဒီထဲကနေပြီး အဖေ့အတွက် သား အတတ်နိုင်ဆုံး လုပ်ပေးနိုင်တဲ့အရာပါပဲ” လို့ ရေးထားပါသတဲ့။
ဒီပုံပြင်ထဲကနေ ရရှိတဲ့ သင်ခန်းစာလေးကတော့ ကျွန်တော်တို့တွေဟာ ကမ္ဘာကြီးရဲ့ ဘယ်အစိတ်အပိုင်းမှာ ရောက်ရှိနေပါစေ ကိုယ့်ရဲ့ နှလုံးသားထဲက နက်ရှိုင်းစွာနဲ့ တစ်ခုခုကိုလုပ်ဖို့ ဆုံးဖြတ်ထားရင် ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာ တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့စိတ်ပါပဲ။ ကိုယ် ဘယ်ရောက်နေတယ်၊ ကိုယ် ကူညီပေးမယ့်သူက ဘယ်ရောက်နေတယ်ဆိုတာ အရေးမကြီးဘူးဆိုတာ နားလည်သဘောပေါက်ရမှာပဲ ဖြစ်ပါတယ်။
Ref : Knowledge : Old Man and His Son
Htet Htet Tin Zar (ရိုးရာလေး)