ရုရှားလေယာဉ်တစ်စင်းဟာ ရွှေနဲ့ ငွေ ရောစပ်ထားတဲ့ သတ္တုချောင်းတွေ တင်ဆောင်ပြီး ပျံတက်ချိန်မှာ ကုန်ခန်းတံခါး ကျိုးသွားခဲ့လို့ လေယာဉ်ပြေးလမ်းတစ်လျှောက် ရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးသလို ဖြစ်ခဲ့ပါတယ်။ မတ်လ ၁၅ ရက်နေ့က ရုရှားနိုင်ငံ အရှေ့ဖျား ဆိုက်ဘေးရီးယားပြည်နယမှာရှိတဲ့ ယာကုစ် (Yakutsk) လေဆိပ်မှာ အခုလိုဖြစ်ခဲ့တာပါ။
လေယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ ရွှေ – ငွေချောင်းတွေဟာ အမေရိကန်ဒေါ်လာ ၃၆၇ သန်း တန်ကြေးရှိပြီး အလေးချိန် ၁၀ တန်ရှိပါတယ်။ ရွှေ- ငွေ ရောစပ်ထားတဲ့ သတ္တုချောင်းတစ်ချောင်းကို အလေးချိန် ၄၄ ပေါင်ရှိပြီး ရွှေချောင်း ၂၀၀ လောက် ပြုတ်ကျခဲ့လို့ စုစုပေါင်း ၃ တန်လောက်ရှိပါတယ်။ ပြုတ်ကျခဲ့တဲ့ ရွှေ- ငွေချောင်းတွေဟာ လေယာဉ်ပြေးလမ်းနဲ့ အနီးနား ကားဈေးကွက်မှာ ပြန့်ကျဲသွားခဲ့ပါတယ်။
ဒါပေမဲ့ ပြုတ်ကျခဲ့တဲ့ ရွှေ- ငွေ ချောင်းအားလုံးကို ပြန်ကောက်ယူနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။ ဒီပစ္စည်းတွေဟာ ကနေဒါ သတ္တုတူးဖော်ရေး လုပ်ငန်းစု Kinross Gold က အများစု ပိုင်ဆိုင်တဲ့ မိုင်းကနေ သယ်လာတာလို့ The Siberian Times သတင်းဌာနက ဖော်ပြပါတယ်။ ယာကုစ်မြို့ဟာ ရွှေနဲ့ စိန်တူးဖော်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ ဒေသဖြစ်ပေမယ့် ရုရှား နိုင်ငံမှာ အဆင်းရဲဆုံးဒေသပဲ ဖြစ်နေပါတယ်။
Nz (ရိုးရာလေး)