သင့်ကလေးရဲ့ မျက်စိကျန်းမာရေး အတွက် အစားအစာတွေ

4-8-2020-yyl-017.jpg

ကလေးတွေ တီဗီပဲကြည့်နေတာ၊ ဖုန်းနဲ့ဂိမ်းဆော့နေတာတွေက မိဘအများစုအတွက် စိုးရိမ်စရာကိစ္စဖြစ်နေပါတယ်။ အခုလိုကပ်ရောဂါအတွင်းမှာ တချို့ကျောင်းတွေကလည်း ပိတ်ထားရတာကြောင့် အဲဒီကိစ္စက ပိုပြီး ရင်မအေးဖြစ်ရပါတယ်။ ကလေးတွေက ကာတွန်းကားကြည့်ဖို့နဲ့ ဂိမ်းဆော့ဖို့လောက်ပဲ အားသန်လို့နေကြပါတယ်။ အဲဒီတွေအပြင် လက်ရှိအချိန်မှာ အွန်လိုင်းကနေ သင်ခန်းစာတွေလေ့လာရတဲ့အတွက်လည်း Screenနဲ့ မျက်စိ ထိတွေ့ရတဲ့အချိန်က များနေပါတယ်။ အခုဆို ကလေးတွေက အပြင်မှာလုပ်ဆောင်ရတဲ့ အရာတွေထက် တီဗီကြည့်တာ၊ ဂိမ်းဆော့တာနဲ့ အချိန်ကုန်နေကြရပါတယ်။ ဖုန်းစကရင်၊ တီဗီစကရင်တွေကြောင့် လူကြီးတွေရဲ့ မျက်စိကိုသာမက ကလေးတွေရဲ့ မျက်စိကျန်းမာရေးကိုပါ ထိခိုက်လာရပါတယ်။ ဒါကြောင့် ကလေးရဲ့မျက်စိကျန်းမာရေးကို မိဘတွေက ဂရုစိုက်ဖို့လိုလာပါပြီ။

ကလေးတွေရဲ့ တစ်နေ့တာစားသောက်မှုကလည်း ကလေးရဲ့မျက်စိကျန်းမာရေးအတွက် အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။ ကလေးတွေကို အာဟာရပြည့်ဝစွာ စားသောက်ဖို့ပြောရတာက ခက်ခဲတော့ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ မိဘတွေက ကလေးကို စားချင်လာအောင် ဂရုတစိုက်ကျွေးမယ်ဆိုရင် ကလေးရဲ့မျက်စိကျန်းမာရေးကို ဂရုစိုက်ရာရောက်ပါတယ်။ ဒါကြောင့် ကလေးရဲ့ မျက်စိကျန်းမာရေးအတွက် ကောင်းတဲ့ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မျှဝေပေးလိုက်ရပါတယ်။

ချိစ်နဲ့ ကြက်ဥ

ကလေးတွေအများစုက ချိစ်နဲ့ကြက်ဥစားရတာကို ကြိုက်ကြပါတယ်။ ဒီအစားအစာတွေက ဗီတာမင်အေဓာတ် ကြွယ်ဝတဲ့အတွက် ကလေးရဲ့ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ကြက်ဥက လူတင် (lutein) ဓာတ်ကြွယ်ဝတဲ့ အတွက်ကြောင့်လည်း မျက်စိကျန်းမာရေးအတွက် ကောင်းပါတယ်။ ကြက်ဥကို ကလေးကြိုက်တဲ့ ပုံစံအတိုင်း လုပ်ကျွေးရုံပါပဲ။ ကြက်ဥကို ချိစ်အနည်းငယ်နဲ့လည်း တွဲစားပေးလို့ရပါတယ်။

ငါးနဲ့ အာလူးကြော်

ငါးအမျိုးမျိုးက အိုမီဂါ ၃ ပါဝင်တဲ့အတွက် ကလေးတွေကို အာဟာရဓာတ်ပြည့်ဝရုံသာမက မျက်စိကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ သင့်ကလေးက ငါးစားရတာကြိုက်တယ်ဆိုရင် ငါးကို ပုံစံအမျိုးမျိုးနဲ့ လုပ်ကျွေးလို့ရပါတယ်။ ငါးနဲ့အတူတူ အာလူးကြော်ကိုလည်း ထည့်ကျွေးလို့ရပါတယ်။

ချောကလက်၊ အယ်မွန်စေ့

ချောကလက်စားရတာမကြိုက်တဲ့ ကလေးမရှိလောက်ဘူးထင်ပါတယ်။ ကလေးကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာကျွေးဖို့အတွက် အကောင်းဆုံးနည်းတွေထဲကတစ်ခုက ချောကလက်နဲ့ တွဲဖက်ကျွေးဖို့ပါပဲ။ အယ်မွန်စေ့ကလည်း ဗီတာမင်အီဓာတ်ကြွယ်ဝတဲ့အတွက် ကလေးကို သွားရည်စာအနေနဲ့ ကျွေးလို့ရပါတယ်။ ကလေးရဲ့မျက်စိကျန်းမာရေးအတွက် ချောကလက်၊ အယ်မွန်စေ့တို့ကို ကျွေးသင့်ပါတယ်။

ဟင်းသီးဟင်းရွက်

ဟင်းသီးဟင်းရွက်တွေက ဗီတာမင်အေ၊ စီ၊ ကေဓာတ်တွေအပါအဝင် အာဟာရဓာတ်အားလုံးကြွယ်ဝပါတယ်။ ဒီအာဟာရဓာတ်တွေက ကလေးရဲ့ကျန်းမာရေးအတွက်ရော မျက်စိကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ ကလေးကို ဟင်းသီးဟင်းရွက် များများစားအောင် အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ ကလေးကို ကန်စွန်းဥကြော်ကျွေးတာဖြစ်ဖြစ် ဟင်းသီးဟင်းရွက်များများပါအောင် ဟမ်းဘာဂါကျွေးတာဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်။ မုန်လာဥနီကလည်း ကလေးရဲ့ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

သစ်သီး

အခုအချိန်ဆို ကလေးအများစုက သရက်သီးနဲ့ သခွားမွှေးတို့လို ရာသီစာသစ်သီးတွေကို စားရတာ ကြိုက်ကြပါတယ်။ အဲဒီလိုသစ်သီးတွေက ဗီတာမင်အေဓာတ်ကြွယ်ဝပါတယ်။ ဒါကြောင့် သင့်ကလေးက မုန့်စားချင်တယ်လို့ပြောရင် ထွေထွေထူးထူးစဉ်းစားမနေဘဲ သစ်သီးတွေရောထားတဲ့ သစ်သီးပန်းကန်သာ ပေးလိုက်ပါ။ သစ်သီးများများစားပေးတာကလည်း ကလေးရဲ့မျက်စိကျန်းမာရေးအတွက် ကောင်းပါတယ်။

Ref: 5 foods for eye health to include in your kid’s diet as their screen time goes up during the pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top