မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ဖို့ ရှိတယ်လို့ Mitsubishi Motors ကုမ္ပဏီ ဆို

4-8-2020-yyl-023.jpg

အရှေ့တောင်အာရှမှာ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ ကတိပြုထားတဲ့ Mitsubishi Motors ကုမ္ပဏီက မြန်မာနိုင်ငံမှာ ကားတွေထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ ကုမ္ပဏီရဲ့ စီးအီးအို တာကာအိုကာတိုက Nikkei သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ် ခံစားခဲ့ရတဲ့ ကားဈေးကွက်မှာ ရှေ့ခရီးဆက်ဖို့ ပြင်ဆင်မှုပါပဲ။

Mitsubishi Motors ကုမ္ပဏီရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ဒေသတွင်းဈေးကွက်အကြောင်း ကောင်းကောင်းသိတဲ့ Mitsubishi Corp ကုန်သွယ်ရေးကော်ပိုရေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကာတိုက ပြောပါတယ်။ ကားထုတ်လုပ်ရေးလုပ်ငန်း စတင်မယ့်အချိန်နဲ့ လုပ်ငန်းပုံစံ စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

Mitsubishi Motors ကုမ္ပဏီဟာ ဖြန့်ကျက်တိုးချဲ့မှုလုပ်မယ့် ဦးတည်ချက်ကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့လနှောင်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ အလယ်အလတ်ကာလအစီအစဉ်အတိုင်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကို အဓိကအာရုံစိုက်လာခဲ့တာပါ။ Mitsubishi Motors ကုမ္ပဏီရဲ့ ရောင်းအား လေးပုံ၊ တစ်ပုံနီးပါးရှိတဲ့ အာဆီယံဒေသကို သူတို့ကုမ္ပဏီရဲ့ရင်းမြစ်တွေ ဖြန့်ဝေဖို့ ရှိနေပါတယ်။ Mitsubishi Motors ကုမ္ပဏီဟာ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း ကားထုတ်လုပ်ရေးစက်ရုံတွေ ရှိနေပြီး ဗီယက်နမ်နိုင်ငံမှာတော့ Mitsubishi Motors ကုမ္ပဏီရဲ့ ကားထုတ်လုပ်ရေးစက်ရုံ နောက်တစ်ခု တည်ဆောက်နေပါတယ်။ Mitsubishi Motors ကုမ္ပဏီဟာ သူတို့ရဲ့ ကားထုတ်လုပ်ရေးစက်ရုံတွေရှိတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ထပ်ထည့်ဖို့ စီစဉ်နေတာပါ။

ဥရောပနဲ့ တခြားအရေးပါတဲ့ ဒေသတွေမှာတော့ အလုပ်သမားအင်အားစုကို လျှော့ချပြီး လုပ်ငန်းလည်ပတ်မှုအတိုင်းအတာကို လျှော့ချဖို့ ရှိနေပါတယ်။ Mitsubishi Motors ကုမ္ပဏီဟာ ဝန်ထမ်းခန့်အပ်မှု ကန့်သတ်တာ၊ နစ်နာကြေးပေးရမယ့်စနစ်ကို ပြန်လည်သုံးသပ်တာမျိုးလုပ်ပြီး ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အကုန်မှာ အုပ်ချုပ်/စီမံဌာနရဲ့ ဝန်ထမ်းစရိတ်ကို ၁၅ ရာခိုင်နှုန်းလျှော့ချဖို့ ရည်ရွယ်နေပါတယ်။

Ref: Nikkei ” Mitsubishi eyes car production in Myanmar”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top