အစားအစာလေလွင့်မှု လျှော့ချဖို့ တရုတ်နိုင်ငံမှာ ပန်းကန်ပြောင်အောင် စားရေး လှုပ်ရှားမှုစတင်

13-8-2020-yyl-021.jpg

တရုတ်နိုင်ငံရဲ့ အစားအစာ လေလွင့်မှုပမာဏက တုန်လှုပ်ချောက်ချားစရာ ကောင်းတယ်လို့ သမ္မတ ရှီကျင့်ဖျင်က မှတ်ချက်ပေးခဲ့ပြီးနောက်မှာတော့ တရုတ်အစိုးရက အစားအစာ လေလွင့်မှုလျှော့ချရေး စည်းမျဉ်းတွေကို တိုးမြှင့်ဆောင်ရွက်နေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အစားအစာလေလွင့်မှုအပေါ် အချက်ပေးခေါင်းလောင်းထိုးလိုက်တာလို့ ရှီကျင့်ဖျင်က ပြောခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ ”ပန်းကန်ပြောင်စင်အောင်စားရေး လှုပ်ရှားမှု” ဖြစ်ပေါ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းမှာ သီတင်းပတ်တော်တော်ကြာ ရေကြီးရေလျှံခဲ့လို့ စိုက်ခင်းတွေ ပျက်စီးပြီး စားနပ်ရိက္ခာ တန်ချိန်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီးနောက်မှာ ရှီကျင့်ဖျင်က အခုလို ပြောခဲ့တာပါ။ တရုတ်နိုင်ငံဟာ ၁၉၅၉ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်ကြားကာလအတွင်း အငတ်ဘေးကြုံခဲ့ဖူးပြီး လူ ၁၅ သန်းကနေ သန်း ၅၀ ကြား သေဆုံးခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်းကြုံရနိုင်တယ်ဆိုတဲ့အတွေးကို မပြတ်တမ်းတွေးထားသင့်တယ်လို့ ရှီကျင့်ဖျင်က ဆိုပါတယ်။

သမ္မတရှီကျင့်ဖျင်က အခုလို ပြောခဲ့ပြီးနောက်မှာ ဝူဟန်မြို့စားသောက်ကုန်လုပ်ငန်း အစည်းအရုံးက N-1 လို့ အမည်ပေးထားတဲ့စနစ်ကို ကျင့်သုံးကြဖို့ ဝူဟန်မြို့မှာရှိတဲ့ စားသောက်ဆိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။ N-1 ဆိုတဲ့ စနစ်ကတော့ လူ ၉ ယောက်တစ်ဖွဲ့ လာထိုင်ရင် ဟင်းပွဲ ၈ ပွဲပဲ မှာခွင့်ပေးမယ့်စနစ်ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဟာ အမှန်တကယ် လိုအပ်တဲ့ပမာဏထက် ဟင်းပွဲပိုမှာပေးရတာကို ယဉ်ကျေးပျူငှာမှုလို့ သတ်မှတ်ထားတဲ့အတွက် အဲဒီစနစ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကြာဦးမှာပါ။ WWF China ရဲ့ ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ လေလွင့်တဲ့ အစားအစာ တန်ချိန် ၁၇ သန်းကနေ ၁၈ သန်းကြားရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံမှာ စားနပ်ရိက္ခာ အကျပ်အတည်း ကြုံရတော့မယ်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အခြေအနေ ပိုဆိုးနိုင်တယ်ဆိုတဲ့သတင်းတွေကတော့ မီဒီယာတွေရဲ့ ပုံကြီးချဲ့ ဖော်ပြမှုဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် Global Times သတင်းဌာနက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်ကနေ အစားအစာတွေ အဆမတန် စားပြနေသူတွေကိုလည်း ဝေဖန်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ Operation Empty Plate (ပန်းကန်ပြောင်စင်အောင်စားရေး လှုပ်ရှားမှု)ကို စတင်ခဲ့ပေမဲ့ အရာရှိတွေရဲ့ ဂုဏ်တုဂုဏ်ပြုဧည့်ခံပွဲတွေ၊ စားပွဲသောက်ပွဲတွေကိုပဲ ပစ်မှတ်ထားခဲ့ပြီး လူထုတွေကို စည်းကမ်းတင်းကျပ်ခဲ့ခြင်းမရှိပါဘူး။

Ref: BBC ” China launches ‘Clean Plate’ campaign against food waste”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top