ရန်ကုန် အောက်တိုဘာ ၂၀
ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်တဲ့နယ်မြေထဲမှာပါဝင်တဲ့ ရခိုင်ပြည်နယ်အတွင်းက အမ်းမြို့နယ်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်လျက်ရှိတဲ့အပြင် ရွေးကောက်ပွဲကျင်းပဖို့လျာထားတဲ့ ပလက်ဝမြို့နယ်နဲ့ ပတ်သက်လို့လည်း ထပ်ပြီးကြေညာစရာရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
”အဓိကက ဘေးကင်းလုံခြုံစွာနဲ့ ဆန္ဒမဲပေးလို့ရသလား၊ မဲရုံမှာတာဝန်ထမ်းဆောင်မယ့်သူတွေ၊ လေ့လာသူ တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံကိုယ်စားလှယ်တွေအပေါ် အန္တရာယ်ကျရောက်စေနိုင်သလား စတာတွေကို သုံးသပ်ပါတယ်”လို့ ဦးမြင့်နိုင်က ဆိုပါတယ်။
ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေကို ထုတ်ပြန်ကြေညာထားပေမယ့် လုံခြုံရေးနဲ့ အန္တရာယ်ကျရောက်နိုင်မှုအပေါ် မူတည်ပြီး အပြောင်းအလဲတွေရှိလာနိုင်သေးတယ်လို့ အောက်တိုဘာ ၂၀ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
” ရွေးကောက်ပွဲမကျင်းပမီမှာ ဘေးကင်းလုံခြုံစွာမရှိတဲ့အခြေအနေပေါ်ပေါက်လာနိုင်တဲ့နေရာတွေရှိလာရင် လည်း အဲဒီနေရာတွေကို ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သက်ဆိုင်ရာဌာနတွေရဲ့ သဘောထားမှတ်ချက်ပေါ်မူတည်ပြီးတော့ လတ်တလောမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေကို ချန်လှပ်ထားခဲ့တာဖြစ်ပေမယ့် ဒီနေရာတွေမှာ ဘေးကင်းလုံခြုံလာပြီဆိုတာကို သိရင် အဲဒီနေရာကို ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အခုလိုပြန်လည်သုံးသပ်ရာမှာ အချိန်မီရင် ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပြီးတော့ အချိန်မမီရင်လည်း အန္တရာယ်မရှိဘဲ ဘေးကင်းလုံခြုံလာတဲ့အချိန်မှာ ကြေညာချက်ထုတ်ပြီး ဆက်လက် ကျင်းပသွားမှာဖြစ်တယ်လို့ ဦးမြင့်နိုင်က အသိပေးပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နယ်မြေတွေကို အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီးတော့ အဲဒီထဲမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်း နယ်မြေတချို့ ပါဝင်ခဲ့ပါတယ်။
KST(ရိုးရာလေး)