မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ပြီးနောက်မှာတော့ ဘယ်နေရာကိုကြည့်ကြည့် ရေတွေ ဖွေးလို့နေပါတယ်။ အိမ်ခြေတော်တော်များများက ရေနစ်မြုပ်နေပြီး ပစ္စည်းတွေက ဟိုတစ်စ ဒီတစ်စနဲ့ ပျံကျဲလို့နေပါတယ်။
ဒီအထဲမှာ မြေအိုး တစ်အိုးနဲ့ ကြေးသတ္တုအိုး တစ်အိုးကလည်း ရေစီးနဲ့အတူ မျောပါလာကြပါတယ်။
သတ္တုအိုးလေးက မြေအိုးလေးကို “သူငယ်ချင်း မြေအိုး … မင်းက ရွှံနဲ့လုပ်ထားတာ ပြီးတော့ မင်းကိုကြည့်ရတာ အဆင်မပြေဘူး။ နှေးနှေးလေး ကူးနေရတာ ပင်ပန်းနေပုံရတယ်။ ငါနားကို လာခဲ့စမ်းပါ။ ငါမင်းကို ကူညီပါ့မယ် “လို့ လှမ်းပြောလိုက်ပါတယ်။
အဲဒီအခါ မြေအိုးလေးက “ကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ…ဒါပေမဲ့ ကမ်းပါးအထိ ငါ့ဘာသာငါပဲ ကူးခတ်ပါရစေ” လို့ ပြန်ပြောလိုက်ပါတယ်။
တဖြည်းဖြည်း ကမ်းပါးဆီကို ကူးခတ်လာခဲ့ကြရငါ အိုးလေး နှစ်အိုးစလုံးထဲကို ရေတွေ ဘောင်ဘင်ခတ်ပြီး ဝင်လာပါတယ်။ နောက်ဆုံးမှာတော့ ကြေးသတ္တုအိုးလေးက ရေတွေပြည့်သွားခဲ့ပြီး ကမ်းပါးကို မရောက်မီ နစ်မြုပ်သွားခဲ့ပါတယ်။ မြေသားအိုးလေးကတော့ အိုးအတွင်းမှာ ရေအနည်းငယ် ရှိနေပေမဲ့လည်း တရွေ့ရွေ့နဲ့ ကမ်းပါးအရောက် ကူးခတ်နိင်ခဲ့ပါတယ်။
ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ ရသကတော့ တစ်ဦးတစ်ယောက်ကို အပေါ်ယံ ကြည့်ပြီး မဆုံးဖြတ်သင့်ပါဘူး။ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အရာဝတ္တုပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ တန်ဖိုးဆိုတာရှိပြီး သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။ သူတစ်ပါးကို အထင်သေးတာလည်း မကောင်းသလို အထင်ကြီးလွန်းရင်လည်း မိမိကိုယ်မိမိ သိမ်ငယ်စိတ်တွေ ဝင်ရောက်နိင်ပါတယ်။
သူတစ်ပါးကို ကူညီရိုင်းပင်းတာ မွန်မြတ်ပါတယ်။ ဒါပေမဲ့ ကူညီရာမှာလည်း မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ပါ။ မိမိအခြေအနေ၊ အနေအထားကို နားလည်သဘောပေါက်ပြီး အထင်ကြီးခံရလိုစိတ်နဲ့ သူတစ်ပါးကိုကူညီပေးတာက ကူညီရာ မရောက်တဲ့အပြင် သင့်ကို ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref: “The Two Pots”
Paradise (ရိုးရာလေး)