” မိုင်းတွင်းအောက်မှာ ရေတွေ ရှိတယ်။ သောက်ဖို့ မသင့်တော်ပေမဲ့ အသက်ရှင်ဖို့ နည်းနည်းပါးပါး သောက်ခဲ့ရတယ်။ ကျွန်တော်တို့ အပြန်အလှန် အားပေးပြီး ဒီကာလကို ဖြတ်သန်းခဲ့တာပါ”။ ဒါကတော့ ရွှေတူးဖော်ရေးမိုင်းတွင်းထဲမှာ သီတင်းပတ် ၂ ပတ်ကျော် ပိတ်မိနေပြီး အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တဲ့ တရုတ်မိုင်းတူးဖော်ရေးလုပ်သား ၁၁ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မစ္စတာဒူရဲ့ စကားပါ။
ဇန်နဝါရီလ ၁၀ ရက်က တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်က ဟူရှန်ရွှေတူးဖော်ရေး မိုင်းတွင်းရဲ့ မြေအောက်အနက် ၆၀၀ မီတာလောက်မှာ မိုင်းတွင်းလုပ်သား ၂၂ ယောက် အလုပ်လုပ်နေတုန်း ပေါက်ကွဲမှုဖြစ်ပွားပြီး မိုင်းတွင်းဝင်ပေါက် ပျက်စီးသွားခဲ့သလို ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး နာရီ ၃၀ ကြာတော့မှ ရွှေတူးဖော်ရေးကုမ္ပဏီက ဒီဖြစ်ရပ်ကို အာဏာပိုင်တွေထံ သတင်းပို့ခဲ့တာပါ။ ရှာဖွေရေးတွေလုပ်ခဲ့ပေမဲ့ တစ်ပတ်ကြာတဲ့အထိ မိုင်းလုပ်သားတွေ အသက်ရှင်နေသေးတဲ့ အရိပ်အယောင် မတွေ့ခဲ့ရပါဘူး။
မိုင်းလုပ်သားတွေကတော့ သူတို့အသက်ရှင်နေသေးတယ်ဆိုတာ ကယ်ဆယ်ရေးအဖွဲ့တွေသိအောင် ပိုက်လုံးတစ်ခုကို ခေါက်ပြီး အချက်ပြခဲ့တာပါ။ သူတို့က နေ့တိုင်း တစ်ယောက်၊ တစ်လှည့်စီ ပိုက်လုံးကို ခေါက်ပြီး အချက်ပြခဲ့ကြပါတယ်။ တစ်ပတ်မြောက်တဲ့နေ့မှာတော့ မစ္စတာဝမ်ရဲ့ အလှည့်ကျပါတယ်။ သူတို့တွေ မိုင်းတွင်းရဲ့ ပဉ္စမမြောက်အကန့်မှာ ပိတ်မိနေတယ်ဆိုတာ အချက်ပြဖို့ မစ္စတာဝမ်က ပိုက်လုံးကို ၅ ချက် ခေါက်ခဲ့တယ်။ ခဏကြာတော့ အပေါ်ဘက်ကနေ ပိုက်လုံးခေါက်သံ ပြန်ကြားရတယ်။
” ပိုက်လုံးခေါက်သံ အချက် ၂၀ ကြားရတယ်။ ဒါက ဘာကို ရည်ညွှန်းတယ်ဆိုတာ ကျွန်တော် နားမလည်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေကို တိုင်ပင်ကြည့်လိုက်တော့ ပိတ်မိနေတဲ့ မိုင်းလုပ်သား အရေအတွက်ကို ရည်ညွှန်းတာဖြစ်မယ်လို့ ကောက်ချက်ချမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ပိုက်လုံးကို ၂၂ ချက် ပြန်ခေါက်ခဲ့ပါတယ်”လို့ မစ္စတာဝမ်က ပြောပါတယ်။
မိုင်းတွင်းထဲမှာ ပိတ်မိနေချိန်အတွင်း မိုင်းလုပ်သားတွေ စားစရာမရှိခဲ့ပါဘူး။ မသန့်ရှင်းတဲ့ရေကို နည်းနည်းစီသောက်ပြီး ရှင်သန်ခဲ့ရတာပါ။ မိုင်းလုပ်သားတွေ အသက်ရှင်နေမှန်း သိလိုက်ရချိန်မှာ ကယ်ဆယ်ရေးအဖွဲ့က အစားအစာ၊ ဆေးဝါး၊ စက္ကူနဲ့ ခဲတံတွေ ပို့ပေးနိုင်ဖို့ တွင်းပေါက်ခပ်သေးသေးတစ်ခု တူးခဲ့ကြပါတယ်။ မိုင်းလုပ်သားတွေက မိုင်းတွင်းအောက်ဘက်က အခြေအနေကို စာရေးပြီး ပေးပို့ခဲ့သလို ဝက်အူချောင်း စားချင်တယ်လို့လည်း ထည့်ရေးခဲ့ကြပါတယ်။
မိုင်းလုပ်သားတွေကို ကယ်တင်နိုင်ဖို့ တူးဖောက်မှုတွေလုပ်ရာမှာ အရမ်းမာကျောတဲ့ လိပ်သည်းကျောက်တုံးကြီး ခံနေတဲ့အတွက် ကြန့်ကြာမယ်လို့ ထင်မှတ်ခဲ့ကြပေမဲ့ ကျောက်တုံးကြီး ပြုတ်ကျသွားလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်ဆန်ခဲ့ပါတယ်။ ” မြေတူးနေတဲ့အသံတွေက ကျွန်တော်တို့နဲ့ တဖြည်းဖြည်း နီးလာတော့ ကျွန်တော်တို့အားလုံး မတ်တတ်ရပ်မိကြတယ်။ စိတ်တွေလည်း လှုပ်ရှားနေခဲ့တာပေါ့။ အဲဒီခံစားမှုကို ဖော်ပြဖို့ စကားလုံးမရှိပါဘူး။ အသစ်တစ်ဖန် မွေးဖွားလာသလို ခံစားရပါတယ်”လို့ မစ္စတာဒူက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက မိုင်းလုပ်သား ၁၁ ယောက်ဆီကို ဆင်းသွားချိန်မှာ မြေအောက်အနက် ၅၄၆ မီတာမှာ အသက်ရှင်လျက် ပိတ်မိနေတဲ့ တခြားမိုင်းလုပ်သားတစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ကို အရင်ဆုံး ကယ်တင်နိုင်ခဲ့ပါတယ်။ မိုင်းလုပ်သား ၁၁ ယောက်ပိတ်မိနေတဲ့အထဲမှာ တစ်ယောက်ကတော့ ပေါက်ကွဲမှုကြောင့် ဦးခေါင်းဒဏ်ရာရ၊ ကိုမာဝင်ပြီး သေဆုံးခဲ့လို့ ကျန်တဲ့သူ ၁၀ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ မိုင်းတွင်းရဲ့ တခြားနေရာတစ်ခုမှာ မိုင်းလုပ်သား ၉ ယောက်ရဲ့ အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ အခုအချိန်အထိ မိုင်းလုပ်သားတစ်ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး သူ့ကို ဆက်လက်ရှာဖွေနေကြပါတယ်။
Ref: BBC ” China mine rescue: Miners saved after knocking on pipe”
Nz ( ရိုးရာလေး)