စတန်းဖို့ဒ်ကျောင်းသားတွေ ဖန်တီးခဲ့တဲ့ အုန်းဆံခွံ ရေခဲပုံး

30-10-2021yyl1.jpg

ရေခဲပုံးလို့ ပြောလိုက်တာနဲ့ ဖော့ပုံးတွေကိုပဲ ပြေးမြင်ကြမှာပါ။ ရေစိုခံတယ်၊ အပူခံတယ်၊ ပြီးတော့ ဈေးနှုန်းလည်း သက်သာလို့ ကမ္ဘာတစ်ဝန်းမှာ စားသောက်ကုန်တွေ သယ်ယူပို့ဆောင်ဖို့ ဖော့ပုံးတွေကိုပဲ သုံးကြပါတယ်။ ဖော့ပုံးတွေကအသုံးပြုရ လွယ်ကူအဆင်ပြေပေမဲ့ ဂေဟစနစ်အတွက်တော့ ဆိုးကျိုးများတယ်။

ဒါကြောင့် ဖိလစ်ပိုင်အခြေစိုက် စွန့်ဦးတီထွင် လုပ်ငန်းစုတစ်ခုက ဂေဟစနစ်အတွက် ဆိုးကျိုးနည်းစေပြီး ဖော့ပုံးတွေနေရာမှာ အစားထိုးအသုံးပြုနိုင်မယ့် အရာကို ရှာဖွေဖန်တီးခဲ့ကြတယ်။Fortuna Cools လို့ အမည်ရတဲ့ လုပ်ငန်းစုကို ၂၀၁၈ ခုနှစ်မှာ စတန်းဖို့ဒ်တက္ကသိုလ် ကျောင်းသား ၂ ယောက်က တည်ထောင်ခဲ့ကြတာပါ။ ဖိလစ်ပိုင်နိုင်ငံမှာ ပေါပေါသီသီ ရနိုင်တဲ့ အုန်းဆံခွံတွေက ဖော့ပုံးတွေနေရာမှာ အစားထိုးနိုင်မယ့် ရင်းမြစ်တစ်ခုလို့ သူတို့ တွေ့ရှိခဲ့ကြတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အုန်းသီးရော၊ အုန်းသီးနဲ့ဆက်စပ်ပစ္စည်းရော အထွက်အများဆုံး နိုင်ငံတစ်နိုင်ငံပါ။ နှစ်စဉ်နှစ်တိုင်း မီးရှို့ဖျက်စီးရတဲ့ (သို့) လယ်ကွင်းထဲမှာ စွန့်ပစ်ရတဲ့ အုန်းဆံခွံက ၉ ဘီလျံလောက် ရှိပါတယ်။ အုန်းဆံခွံတွေကို လယ်ကွင်းထဲမှာ စွန့်ပစ်ရင် သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးဖို့ နှစ်ချီကြာမြင့်လေ့ရှိတယ်။

ဒါပေမဲ့ အုန်းဆံခွံတွေက ဖော့လိုမျိုး အပူကာပေးနိုင်တဲ့ အစွမ်းသတ္တိရှိလို့ Fortuna Cools လုပ်ငန်းစုက Coco Technologies Corporation နဲ့ ပူးပေါင်းပြီး အုန်းဆံခွံတွေကနေ ရေခဲပုံးတွေ ထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့ကြတယ်။ အရင်ဦးဆုံး အုန်းဆံခွံတွေကို အမျှင်တွေ ခွာထုတ်ပြီး အခြောက်ခံတယ်၊ ပြီးရင် အဲဒီအမျှင်တွေကို ဘုတ်ပြားတွေဖြစ်အောင် စက်နဲ့ဖိတယ်၊ အဲဒီဘုတ်ပြားတွေကို သုံးပြီး ရေခဲပုံး လုပ်တာပါ။

အုန်းဆံခွံတွေသုံးပြီး တစ်လကို ရေခဲပုံး ၁၀၀၀ လုပ်နိုင်တယ်လို့ Fortuna Cools လုပ်ငန်းစုက ပြောပါတယ်။ ဒီနည်းလမ်းဟာ ဂေဟစနစ်အတွက် အကျိုးရှိစေသလို အုန်းစိုက်ပျိုးတဲ့ တောင်သူတွေကိုလည်း အပိုဝင်ငွေ ရစေတယ်။ အုန်းဆံခွံ ရေခဲပုံးတစ်ပုံးကို ဒေါ်လာ ၂၀ လောက် ကျတယ်၊ အဲဒီပမာဏက ဖော့ပုံးတွေနဲ့ယှဉ်ရင်တော့ ၂ ဆ၊ ၃ ဆ လောက် ပိုများတယ်။ ဒါပေမဲ့ ဖော့ပုံးတွေက ပျက်စီးလွယ်ပြီး အုန်းဆံခွံ ရေခဲပုံးတွေကတော့ တစ်နှစ်လောက် အသုံးခံပါတယ်။ဒါကြောင့် ဒေါ်လာ ၂၀ ဆိုတဲ့ ကုန်ကျစရိတ်က ၃ လလောက် သုံးရရင် အရင်းကျေပြီလို့ ဆိုရမှာပါ။

အခုချိန်အထိတော့ ဒေသတွင်းအဆင့်ပဲ ထုတ်လုပ်နိုင်သေးတယ်။ ဒါပေမဲ့ အနာဂတ်ကာလမှာ အုန်းဆံခွံ ရေခဲပုံးတွေကို ဘယ်လောက်အထိ တွင်တွင်ကျယ်ကျယ် သုံးလာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Ref: https://edition.cnn.com/2021/10/28/asia/philippines-coconuts-plastic-alternative-climate-spc-intl-hnk/index.html

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top