ဆေးပညာခေတ်သစ်တစ်ခုအစပျိုးနိုင်မယ့် ဆေးဝါး-မျိုးဗီဇနည်းပညာ

30-2-2022-yyl01.jpg

ဆေးပညာခေတ်သစ်တစ်ခုအစပျိုးနိုင်မယ့် နည်းပညာကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ အဲဒါကတော့ လူသားတွေရဲ့မျိုးဗီဇနဲ့ ကိုက်ညီမယ့် (အာနိသင်ထိရောက်မှုအများဆုံးရှိမယ့်) ဆေးဝါးကို ရှာဖွေနိုင်မယ့် နည်းပညာပဲ ဖြစ်ပါတယ်။ တချို့ဆေးဝါးတွေဟာ လူ့ခန္ဓာကိုယ် အလုပ်လုပ်ပုံနဲ့ သိသိသာသာ ကွဲပြားခြားနားနေလို့ အာနိသင်မရှိတာ၊ အသက်ဆုံးရှုံးရတာမျိုး ဖြစ်စေနိုင်ပါတယ်။

မျိုးဗီဇစစ်ဆေးမှု နည်းပညာဟာ ခန္ဓာကိုယ်ထဲမှာ ဆေးဝါးတွေ ဘယ်လောက်အထိ အာနိသင်ရှိစေမလဲဆိုတာကို တွက်ချက်ပေးနိုင်တယ်လို့ ဗြိတိန်ဆေးဝါးဗေဒဆိုင်ရာအဖွဲ့အစည်းနဲ့ တော်ဝင်သမားတော်ကောလိပ်က ပြောပါတယ်။ လာမယ့်နှစ်ကစပြီး ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှာ မျိုးဗီဇစစ်ဆေးမှုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။မျိုးဗီဇကုဒ် (သို့) DNA ဟာ ခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ဖော်ပြပေးတဲ့ လမ်းညွှန်စာအုပ်လိုပါပဲ။ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီမယ့် ဆေးဝါး ရှာဖွေမှုကို ဆေးဝါးမျိုးဗီဇဗေဒလို့ ခေါ်ဆိုကြပါတယ်။

လီဗာပူးမြို့မှာ နေထိုင်တဲ့ ဂျိန်းဘန်းစ်ဟာ ဝက်ရူးပြန်ရောဂါ ကုသတဲ့ ဆေးအသစ်နဲ့ ဓာတ်မတည့်လို့ အရေပြား ၃ ပုံ၊ ၂ ပုံလောက် ဆုံးရှုံးခဲ့ရသူပါ။ အသက် ၁၉ နှစ်အရွယ်မှာ carbamazepine ဆေး သောက်ခဲ့ရတဲ့ ဂျိန်းဘန်းစ်ဟာ သီတင်းပတ် ၂ ပတ်အကြာမှာ အဖုအပိန့်တွေ ထလာခဲ့ပါတယ်။ အဲဒီနောက်မှာ အပြင်းဖျားပြီး ကယောင်ကတမ်းတွေ ဖြစ်လာလို့ သူ့မိဘတွေက အရေးပေါ်ဌာနကို တင်ပို့ခဲ့ရပါတယ်။ နောက်မနက်မှာတော့ သူ့ရဲ့အရေပြား ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာခဲ့တာပါ။

” နောက်နေ့ အိပ်ယာနိုးလာတော့ ကျွန်မကိုယ်တစ်ခုလုံး အရေကြည်အဖုတွေ ထနေတယ်။ ထိတ်လန့်ဖွယ်ဇာတ်ကားထဲကလိုမျိုးပဲ။ ကျွန်မကိုယ်က မီးလောင်ထားသလို ဖြစ်နေတာပါ” လို့ ဂျိန်းဘန်းစ်က ဆိုပါတယ်။ သူ သောက်တဲ့ ဝက်ရူးပြန်ရောဂါဆေးကြောင့် အရေပြားထိခိုက်ပျက်စီးတဲ့ Stevens-Johnson ဆင်ဒရုန်း ဖြစ်ခဲ့တာပါ။ မျိုးဗီဇ ပြုပြင်ပြောင်းလဲမှုနဲ့ မွေးဖွားလာသူတွေမှာ ဒီလိုလက္ခဏာမျိုး ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့်လည်း ဂျိန်းဘန်းစ်က မျိုးဗီဇစစ်ဆေးမှု နည်းပညာကို အပြည့်အဝ ထောက်ခံထားပါတယ်။

ဂျိန်းဘန်းစ်ရဲ့ ဖြစ်ရပ်မျိုးကို ကြုံတောင့်ကြုံခဲကိစ္စလို့ ထင်ကောင်းထင်ကြနိုင်ပါတယ်။ ဒါပေမဲ့ လူသားတွေအနက် ၉၉.၅ ရာခိုင်နှုန်းဟာ ဘဝတစ်သက်တာမှာ အနည်းဆုံးတစ်ကြိမ်တော့ မျိုးဗီဇပြောင်းလဲမှုဖြစ်လေ့ရှိပြီး အဲဒီလို အခိုက်အတန့်မျိုးမှာ ခန္ဓာကိုယ်အလုပ်လုပ်ပုံနဲ့ မကိုက်ညီတဲ့ ဆေးဝါးတွေ သောက်မိမယ်ဆိုရင် အန္တရာယ် ကြုံရနိုင်တယ်လို့ ဗြိတိန်ဆေးဝါးဗေဒဆိုင်ရာ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ပါမောက္ခမက်ခ်ကောဖီးလ်က ပြောပါတယ်။

ဗြိတိန်နိုင်ငံက လူ ၅ သန်းကျော်ဟာ codeine ဆေးဝါးသောက်ပေမဲ့ နာကျင်ကိုက်ခဲမှု သက်သာခြင်း မရှိပါဘူး။ သူတို့ရဲ့မျိုးဗီဇဟာ codeine ကို morphine အဖြစ် ကွဲထွက်သွားစေမယ့် အင်ဇိုင်းတွေ ထုတ်လုပ်ပေးနိုင်တဲ့ ညွှန်ကြားချက်တွေ မပါဝင်လို့ပါပဲ။ အဲဒီညွှန်ကြားချက်မပါရင်တော့ codeine ဆေးက အချည်းနှီးပါပဲ။

လူ ၅၀၀ မှာ တစ်ဦးဟာ ပဋိဇီဝဆေး သောက်မိရင် အကြားအာရုံဆုံးရှုံးနိုင်ခြေများတဲ့ မျိုးဗီဇ ရှိနေတတ်ပါတယ်။ လက်ရှိအချိန်မှာလည်း တချို့သော ဆေးဝါးတွေအတွက် ဆေးဝါး-မျိုးဗီဇနည်းပညာကို အသုံးပြုနေပါပြီ။ အရင်တုန်းကဆိုရင် HIV ဆေးဝါး(abacavir) သောက်ရသူတွေထဲမှာ ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိဟာ ဆိုးကျိုးသက်ရောက်မှုတွေ ကြုံရပြီး အသက်ဆုံးရှုံးရတာမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဆေးဝါး-မျိုးဗီဇနည်းပညာကြောင့် အဲဒီလိုဖြစ်နိုင်ခြေ လုံးဝမရှိတော့ပါဘူး။

သိပ္ပံပညာရှင်တွေကတော့ ဗြိတိန်နိုင်ငံမှာ အသုံးပြုမှုအများဆုံး ဆေးဝါး ၁၀၀ အတွက် မျိုးဗီဇစစ်ဆေးမှုတွေ လုပ်နေပါတယ်။ မျိုးဗီဇစစ်ဆေးမှုဟာ ပေါင် ၁၀၀ လောက် ကုန်ကျမှာဖြစ်ပြီး သွေး (သို့မဟုတ်) သလိပ်နမူနာနဲ့ စစ်ဆေးလို့ ရပါတယ်။

Ref: BBC “Matching drugs to DNA is ‘new era of medicine'”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top