ကုမ္ပဏီတစ်ခုတည်းမှာ ၈၄ နှစ်လုပ်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူ

4-5-2022-yyl12.jpg

ပြောင်းလဲမှုတွေ အဆက်မြတ် ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ဝေါ်တာအော့သ်မန်ရဲ့ စံချိန်က ထူးခြားတယ်လို့ ဆိုရမှာပါ။ အသက် ၁၀၀ အရွယ် ဘရာဇီးနိုင်ငံသား အော့သ်မန်က အထည်လိပ်ကုမ္ပဏီ ReneauxView အတွက် ၈၄ နှစ်ကြာ အလုပ်လုပ်ခဲ့တာပါ။၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်မှာ သူက ကုမ္ပဏီရဲ့ ပစ္စည်းအဝင်အထွက် စာရင်းမှတ်သူအဖြစ် အလုပ်စဝင်ခဲ့တာပါ။ မိသားစု စားဝတ်နေရေး အဆင်ပြေစေဖို့ ဒီအလုပ်ကို လုပ်ခဲ့တဲ့ အော့သ်မန်ဟာ နောက်ပိုင်းမှာတော့ အရောင်းဝန်ထမ်းဖြစ်လာခဲ့ပါတယ်။

” အရောင်းဝန်ထမ်းလုပ်ဖို့ အခွင့်အရေးရပြီး ဆော်ပေါ်လိုကို ကျွန်တော် သွားရတယ်။ တစ်ပတ်မပြည့်ခင်မှာပဲ ၃ လစာလောက် အော်ဒါကောက်နိုင်ခဲ့တယ်” လို့ အော့သ်မန်က ဆိုပါတယ်။ အဲဒီလို စွမ်းဆောင်နိုင်ခဲ့လို့လည်း အရောင်းဝန်ထမ်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ အရောင်းမန်နေဂျာအဖြစ် ရာထူးတိုးခဲ့တာပါ။

” ကျွန်တော် အခုလို စံချိန်တင်ဖို့ တစ်ခါမှတောင် မတွေးဖူးဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်တစ်ခုတည်းမှာ အချိန်အကြာဆုံး အလုပ်လုပ်သူအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာကတော့ ကျွန်တော့်ဘဝရဲ့ ဂုဏ်အယူရဆုံးအခိုက်အတန့် ဖြစ်လိမ့်မယ်ထင်တယ်” လို့ အော့သ်မန်က ပြောပါတယ်။

အရောင်းဌာနမှာ အလုပ်လုပ်ရလို့ နိုင်ငံအနှံ့အပြားသွားခွင့်ရပြီး ယဉ်ကျေးမှု မတူသူတွေနဲ့ တွေ့ဆုံခွင့်ရတာ ပျော်ရွှင်မိတယ်လို့ အော့သ်မန်က ဆိုပါတယ်။ သူဟာ အခုချိန်ထိလည်း အရောင်းဌာနမှာ မန်နေဂျာအဖြစ် အလုပ်လုပ်နေတုန်းပါပဲ။ အသက် ၁၀၀ အရွယ်ရှိပေမဲ့ သူက နေ့တိုင်းလည်း လေ့ကျင့်ခန်း လုပ်တယ်။

” မနက်ဖြန်အတွက် တွေးပူမနေဘူး။ အစီအစဉ်တွေလည်း သိပ်မဆွဲဘူး။ မနက်ဖြန်ရောက်ရင် အိပ်ယာထ၊ လေ့ကျင့်ခန်းလုပ်ပြီး အလုပ်သွားမယ် . . . ဒီလောက်ပဲ တွေးတယ်။ ကျွန်တော်တို့က ကိုယ်မြတ်နိုးတဲ့အလုပ် လုပ်နေရရင် အချိန်ကုန်သွားမှန်း မသိကြဘူးလေ” လို့ အောသ်မန်က ပြောပါတယ်။

အော့သ်မန်ရဲ့ ဘဝတစ်လျှောက်မှာ အလုပ်နဲ့ပတ်သက်ပြီး အရေးအကြီးဆုံး သင်ခန်းစာတစ်ခုကတော့ ကမ္ဘာကြီးက ပြောင်းလဲနေတဲ့အတွက် အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ပဲတဲ့။

Ref: Ladbible ” 100-Year-Old Bloke Sets Guinness World Record For Staying In One Job The Longest”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top