အမြင်အာရုံပြန်ရခဲ့တဲ့ ကောင်မလေးရဲ့အချစ်ဇာတ်လမ်း

9-21-2022-yyl-30.jpg

အမြင်အာရုံပြန်ရခဲ့တဲ့ ကောင်မလေးရဲ့အချစ်ဇာတ်လမ်း

မိမိလိုအပ်နေတဲ့အချိန်၊ မိမိ အခက်အခဲဖြစ်နေတဲ့အချိန် ဘေးနားမှာ ရှိနေပေးတဲ့သူကို ဘဝလက်တွဲဖော်အစစ်အမှန်လို့ ခေါ်ထိုက်တယ်မလား။ အဲဒီလိုပဲ အခုအကြောင်းအရာလေးက အချစ်စစ်အချစ်မှန်တွေ့သွားခဲ့တဲ့ ဆိုဖီယာ ကိုရက်ချ်ရဲ့အချစ်ဇာတ်လမ်းအကြောင်းပါ။

ဆိုဖီယာရဲ့အချစ်ဇာတ်လမ်းအကြောင်း ပြောရမယ်ဆိုရင် သူ အမြင်အာရုံဆုံးရှုံးသွားတာကနေ စရပါမယ်။ ၂၀၁၇ ခုနှစ်၊ ပထမနှစ်နောက်ဆုံးရက်မှာ ဆိုဖီယာ အိပ်ရာနိုးလာတော့ သူ တစ်ခုခုဖြစ်နေသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတာ သေချာအဖြေထုတ်လို့မရခဲ့ဘူး။ အတန်းတက်ဖို့ ကားမောင်းသွားရင်းနဲ့ အရာအားလုံးမှုန်ဝါးသွားမှန်း သူ သိလိုက်ရပါတယ်။ အတန်းထဲမှာ ဝိုက်ဘုတ်မှာ ရေးထားတဲ့ စာတွေအပြင် သူ့ရှေ့က စာရွက်ထဲက စာတွေကိုတောင် အမြင်တွေဝါးပြီး ဖတ်လို့မရခဲ့ဘူး။ သူ သေတော့မှာလားဆိုပြီး ရုတ်တရက်ထိတ်လန့်သွားခဲ့တယ်။

သူက Keratoconus လို့ခေါ်တဲ့ မျက်စိရောဂါကို ခံစားခဲ့ရတာပါ။ ဒီရောဂါက မျက်ကြည်လွှာပါးလာပြီး အပြင်ဘက်ကို တဖြည်းဖြည်းဖောင်းလာကာ နောက်ဆုံးအဆင့်မှာ မျက်ကြည်လွှာအစားထိုးကုသမှုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒီရောဂါက အမြင်အာရုံကို သိသိသာသာကျဆင်းစေပါတယ်။ ဆိုဖီယာက သူ့ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးဖြစ်သွားသလို (၂) ပတ်လောက်ဆောက်တည်မရဖြစ်ခဲ့တဲ့အပြင် (၈) လလောက် စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ သူ့ခင်ပွန်းဖြစ်သူနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ဆိုဖီယာက Keratoconus ကို ခံစားနေရပေမဲ့ ကောလိပ်ကနေမထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သူ ကားမမောင်းနိုင်တော့တဲ့အတွက် သူ့မွေးရပ်မြေနဲ့ ပိုနီးတဲ့ Adams State University ကို ပြောင်းရွေ့ခဲ့ပါတယ်။ အဲဒီကျောင်းမှာ ဆိုဖီယာက သူ့ခင်ပွန်း ခရစ်ရှန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်တော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ခရစ်ရှန်က သူ့ကို စတွေ့ကတည်းက ဂရုစိုက်ပေးခဲ့တယ်။ အဲဒီတုန်းက အခုမှစတွေ့ဖူးတဲ့သူက သူ့အပေါ် လေးလေးနက်နက်ဂရုစိုက်ပေးတဲ့အတွက် ဆိုဖီယာ အရမ်းစိတ်လှုပ်ရှားခဲ့ရပါတယ်။

ဆိုဖီယာနဲ့ ခရစ်ရှန်

ခရစ်ရှန်က ဆိုဖီယာနဲ့အတူ ကျောင်းဝင်းထဲ လမ်းလျှောက်ပေးတယ်။ နေ့လည်စာစားဖို့ ကူညီပေးတယ်။ စာလေ့လာလို့ရအောင် Verbal Flashcard တွေတောင် လုပ်ပေးခဲ့ပါတယ်။ ဆိုဖီယာက သူ့မှာဖြစ်ပျက်နေတဲ့ အရာအားလုံးကို မေ့သွားရလောက်အောင် ခရစ်ရှန်က ကူညီပေးခဲ့ပါတယ်။ မျက်ကြည်လွှာအစာထိုးကုသဖို့အတွက် ဒေါ်လာ ၂၀၀၀၀ ရအောင်လည်းရှာပေးခဲ့ပါတယ်။၂၀၁၈ ခုနှစ် အောက်တိုဘာမှာ ဆိုဖီယာဟာ မျက်ကြည်လွှာအစားထိုးကုသခဲ့ပါတယ်။ မျက်ကြည်လွှာအစားထိုးကုသပြီးရင် ပြန်ကောင်းဖို့ အချိန်တော်တော်ယူရပါတယ်။

တဖြည်းဖြည်းချင်း အမြင်အာရုံပြန်ကောင်းလာခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ အမြင်အာရုံအပြည့်အဝပြန်ရခဲ့ပါတယ်။ ဆိုဖီယာက အမြင်အာရုံပြန်ကောင်းအောင်လုပ်နေရတဲ့အချိန်မှာ ခရစ်ရှန်နဲ့ အချင်းချင်းမတွေ့နိုင်ခဲ့ပါဘူး။နောက်ဆုံးတော့ ဆိုဖီယာက သူ့နားမှာ ရှိနေပေးခဲ့တဲ့ ခရစ်ရှန်ရဲ့မျက်နှာကို မြင်ခွင့်ရခဲ့ပါတယ်။ သူက ခရစ်ရှန်ရဲ့ဓာတ်ပုံတွေကို မြင်ခဲ့ဖူးပေမဲ့ ခရစ်ရှန်ရဲ့မျက်နှာကို အနီးကပ်မမြင်ဖူးခဲ့ပါဘူး။ ခရစ်ရှန်ကို ပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အခါမှာ သူထင်ထားတာထက် ခရစ်ရှန်က ပိုပြီးတောင်ချောနေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာမှာတော့ ခရစ်ရှန်နဲ့ ဆိုဖီယာတို့က သူတို့ရဲ့အချစ်တွေကို အချင်းချင်းဖွင့်ဟဝန်ခံခဲ့ပါတယ်။ အချင်းချင်းချစ်ကြောင်း ဖွင့်ဟပြီးနောက် (၂) လအကြာမှာ သူတို့ စေ့စပ်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ လက်ထပ်ခဲ့ကြပါတယ်။ အခုဆို သူတို့နှစ်ယောက်လုံးက သူတို့ ကြိုက်နှစ်သက်တဲ့ အလုပ်တွေကို လုပ်ပြီး နှစ်ယောက်အတူတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်။ ဆိုဖီယာက Keratocous မျက်စိရောဂါအကြောင်း စောစီးစွာသိဖို့နဲ့ အချိန်မီကုသဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိတဲ့အတွက် အဲဒီရောဂါအကြောင်း သိမြင်မှုတွေတိုးလာဖို့ ဆက်လက်လှုံ့ဆော်ပေးနေပါတယ်။

Ref: Brightside & People “He Was Even More Handsome Than I Could Have Imagined,” a Blind Woman Regains Sight and Can Finally See Her Husband”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top