တစ်ခါက ဇနီးမောင်နှံနှစ်ယောက် ရှိတယ်။ ဇနီးသည်က အလွန်ချောမောလှပပြီး ခင်ပွန်းကလည်း သူ့ကို အရမ်းချစ်တော့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ကို ထူထောင်နိုင်ခဲ့ကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဇနီးသည်က အရေပြားရောဂါ စွဲကပ်တယ်။ အရင်က ချောမောလှပခဲ့တဲ့ ရုပ်ဆင်းသွင်ပြင်ဟာလည်း တစ်နေ့တခြား ပျက်ယွင်းလာတယ်။ ရောဂါကြောင့် အချိန်ကြာလေ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်လာမယ့် သူ့ရဲ့ပုံပန်းသဏ္ဍာန်ကြောင့် ခင်ပွန်းက သူ့ကို မချစ်တော့မှာ အမျိုးသမီးက စိုးရိမ်နေပါတယ်။
တစ်ရက်မှာ သူ့ခင်ပွန်းက အလုပ်ကိစ္စနဲ့ ခရီးသွားရင်း မတော်တဆမှု ကြုံတယ်။ မတော်တဆမှုကြောင့် မျက်စိကွယ်သွားပါသတဲ့။ လင်မယားနှစ်ယောက်လုံး ဒီလိုအခြေအနေတွေ ကြုံခဲ့ပေမဲ့ အရင်အတိုင်း ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ခင်ပွန်းက မျက်စိမမြင်တော့လို့ သူ့ရုပ်ဆင်းသွင်ပြင်ကို မမြင်ရတော့တာကြောင့် ဇနီးလည်း ပူပန်စရာ မလိုတော့ဘူးပေါ့။
ဒီလိုနဲ့ နေလာကြတာ ဇနီးသည် ဆုံးပါးသွားတဲ့အထိပါပဲ။ ဇနီးသည်ရဲ့ ဈာပနကိစ္စတွေ ပြီးဆုံးသွားချိန်မှာတော့ တစ်ယောက်တည်း အထီးကျန်နေတဲ့ အမျိုးသားက ဒီမြို့ကနေ ထွက်သွားဖို့ ပြင်ဆင်ပါသတဲ့။ ဒါကို မြင်တဲ့ အိမ်နီးချင်းတစ်ယောက်က ” ခင်ဗျားမိန်းမ ဆုံးသွားပြီ။ ခင်ဗျားကလည်း မျက်စိမြင်တာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားတစ်ယောက်တည်း ဘယ်လိုနေမလဲ။ ဖြစ်ရဲ့လား” လို့ မေးပါတယ်။
အမျိုးသား ပြန်ဖြေတဲ့စကားကိုကြားတော့ အိမ်နီးချင်းလည်း ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ” တကယ်တော့ ကျွန်တော် မျက်စိကွယ်သွားတာ မဟုတ်ပါဘူး။ အလှပျက်သွားတဲ့ သူ့ရဲ့ပုံပန်းသဏ္ဍာန်ကို ကျွန်တော် မြင်နေတယ်ဆိုရင် မိန်းမ စိတ်ဆင်းရဲနေရမှာ။ ဒါကြောင့် ကျွန်တော့် မျက်စိကွယ်ချင်ယောင် ဆောင်နေခဲ့တာပါ။ ကျွန်တော့် မျက်စိ အကောင်းပါပဲ”
ဒီပုံပြင်လေးရဲ့ သင်ခန်းစာကတော့ တစ်ခါတလေမှာ ပျော်ရွှင်စွာ နေထိုင်ကြဖို့ဆိုရင် တစ်ဦးရဲ့ အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်၊ လိုအပ်ချက်တွေကို မမြင်ချင်ယောင် ဆောင်ပေးတတ်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။
Ref: Blind Husband
NZ ( ရိုးရာလေး)