နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ သစ်စေ့ကို အပင်ကြီးတစ်ပင်အဖြစ် စိုက်ပျိုးနိုင်ခဲ့

10.10.2024-yyl-2.jpg

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ က ဂျေရုစလင်မြို့မြောက်ဘက် သဲကန္တာရထဲ ရှေးဟောင်းယဉ်ကျေးမှု တူးဖော်ရှာဖွေရာမှာ အကောင်းပကတိအတိုင်း ရှိနေတဲ့ သစ်စေ့တစ်စေ့ဟာ အခုချိန်မှာတော့ အပင်ကြီး တစ်ပင်အဖြစ် ကြီးထွား ရှင်သန်လာခဲ့ပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက အပင်ကနေ ကြွေကျခဲ့တဲ့ သစ်စေ့ဟာ မျိုးသုန်းပျောက်ကွယ်နေတဲ့ ဆေးဘက်ဝင်အပင်မျိုးစိတ် တစ်မျိုးဖြစ်မယ်လို့ ရုက္ခဗေဒပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျေရုစလင်မြို့မှ ဟာဒက်ဆာတက္ကသိုလ်ကျန်းမာရေးစင်တာမှ လူးဝစ်အယ်ဘိုရစ်သဘာဝဆေးသုတေသနစင်တာကို တည်ထောင်ခဲ့သူ ဒေါက်တာဆာရာရော၊ အစ္စရေးရုက္ခဗေဒပညာရှင်တွေပါ ဒီသစ်စေ့ရဲ့ မျိုးစိတ်ကို ခွဲခြားဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။ အဲဒီအတွက် သူတို့က သစ်စေ့ကို အပင်စိုက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ဆီးစေ့ကိုတောင် အပင်ပေါက်အောင် စိုက်နိုင်ခဲ့တဲ့ နည်းစနစ်အရ ဟော်မုန်းတွေ၊ ဓာတ်မြေသြဇာအရည်နဲ့ ရေကို ရောစပ်ထားတဲ့အထဲမှာ သစ်စေ့ကို စိမ်ထားပြီးတဲ့နောက် ပန်းအိုးထဲမှာ စိုက်ပျိုးခဲ့တာပါ။ သီတင်းပတ် ၅ ပတ်အကြာမှာတော့ သစ်စေ့က အညောင့်ထွက်လာခဲ့ပြီး အစေ့တွင်း အလွှာပါး ပွင့်ထွက်လာချိန်မှာတော့ ရုက္ခဗေဒပညာရှင်တွေက ရေဒီယိုကာဗွန်နည်းပညာနဲ့ သက်တမ်းတွက်ချက်တဲ့အခါ နှစ်ပေါင်း ၉၉၃ နှစ်ကနေ ၁၂၀၂ နှစ်ကြား သက်တမ်းရှိမယ်လို့ တွက်ဆနိုင်ခဲ့ပါတယ်။

အခုချိန်မှာတော့ အဲဒီအပင်က သက်တမ်း ၁၄ နှစ် ရှိနေပြီဖြစ်ပြီး ၁၀ ပေ မြင့်မားနေပါပြီ။ ဒါပေမဲ့ အပွင့်ပွင့်၊ အသီးသီးတော့မှပဲ ဘယ်မျိုးစိတ်ထဲမှာ ပါဝင်နေတာလဲဆိုတာကို တိတိကျကျ ခွဲခြားဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

Ref: Scientists Grow Tree from 1,000-year-old Seed Found in Cave–May Be Lost Medicinal Plant in the Bible
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top