မြေအောက်ခန်းထဲမှ တွေ့ရပြီး အတုလို့ ထင်မှတ်ခံခဲ့ရတဲ့ ပန်းချီကားက ပီကာဆိုရဲ့လက်ရာ အစစ်အမှန် ဖြစ်နေ

10.10.2024-yyl-5.jpg

မြေအောက်ခန်းထဲမှာ တွေ့ရပြီး ပီကာဆိုလက်မှတ် ရေးထိုးထားပေမဲ့ အစစ်မဟုတ်ဘူးလို့ ထင်မှတ်ခံခဲ့ရတဲ့ ပန်းချီကားဟာ ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆိုရဲ့လက်ရာအစစ်အမှန်ဖြစ်ကြောင်း အသိအမှတ်ပြုခံခဲ့ရပါပြီ။ အီတလီနိုင်ငံ ကာပရီကျွန်းပေါ်မှာ ပီကာဆို နေထိုင်ခဲ့စဉ်က သူ့ချစ်သူ ဒိုရာမားပုံကို အချိုးမညီစွာ ရေးဆွဲထားတာပါ။

၁၉၅၀ ပြည့်နှစ်အတွင်း ကာပရီကျွန်းမှာ နေထိုင်တဲ့ အပေါင်ခံသူ လူဂီလိုရော့ဆို(အကြွေးရစရာရှိသူတွေ ပြေးသွားရင် သူတို့အိမ်တွေထဲမှာ အဖိုးတန်ပစ္စည်းတွေ ကျန်၊ မကျန် ဝင်ရှာလေ့ရှိသူ) က လူမနေတဲ့စံအိမ်တစ်လုံးရဲ့ မြေအောက်ခန်းထဲကနေ ဒီပန်းချီကားကို တွေ့ခဲ့တာပါ။

လူဂီရော့ဆိုက ဒီပန်းချီကားကို ပီကာဆိုရဲ့လက်ရာအစစ်လို့ ထင်ပေမဲ့ သူ့ဇနီးကတော့ အတုလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ ရော့ဆိုက ဒီပန်းချီကားကို ဘောင်သွင်းပြီး ဇနီးကို လက်ဆောင်ပေးခဲ့တာပါ။ သူ့ဇနီးဟာ အဲဒီပန်းချီကားကိုရော၊ ဖုန်တက်နေတဲ့ အခြားပန်းချီကားကိုပါ ဆပ်ပြာရည်နဲ့ ဆေးကြောခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက လူဂီရော့ဆိုရဲ့သား အန်ဒရီတောင် မမွေးသေးပါဘူး။

နောက်ပိုင်းမှာတော့ အန်ဒရီက အနုပညာသမိုင်းစာအုပ်တစ်အုပ်ထဲမှာ ဒိုရာမားပုံ ရေးဆွဲထားတဲ့ ပီကာဆိုရဲ့ တခြားပန်းချီကားတစ်ခုကို တွေ့ရှိခဲ့သလို ကာပရီကျွန်းမှာ ပီကာဆို နေထိုင်သွားခဲ့တဲ့အကြောင်း ဖတ်ခဲ့ရပြီးနောက် သူတို့အိမ်မှာရှိတဲ့ ပန်းချီကားက ပီကာဆိုရဲ့လက်ရာအစစ် ဖြစ်မယ်လို့ သူ့အမေကို ပြောခဲ့တာပါ။

အန်ဒရီဟာ ဒီပန်းချီကားကို အစစ်အမှန်ဖြစ်ကြောင်း သက်သေထူနိုင်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီး လက်ရေးပညာရှင် စင်ဇီယာအယ်တိုင်ရီက လပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ဒီပန်းချီကားကို အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဒီပန်းချီကားဟာ အမေရိကန်ဒေါ်လာ ၆ သန်း တန်ကြေးရှိမယ်လို့ ခန့်မှန်းထားပြီး ပဲရစ်မြို့မှရှိတဲ့ ပါဘလိုပီကာဆိုဖောင်ဒေးရှင်းကပါ အစစ်အမှန်ဖြစ်ကြောင်း ထပ်မံအတည်ပြုလိုက်ရင်တော့ တန်ကြေး ၂ ဆ သို့မဟုတ် ၃ ဆ မြင့်တက်လာဖို့ ရှိနေပါတယ်။

Ref: Painting Found in Italian Villa Basement Turns Out to Be Original Picasso
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top