ရုရှားနိုင်ငံသား သင်္ချာပညာရှင်ဟာ ဂရီဂိုရီပီရယ်မန်ဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံးဆုတွေကို ငြင်းပယ်ပြီး မထင်မရှားဘဝနဲ့ နေထိုင်လျက်ရှိသူပါ။ သင်္ချာဘာသာရပ်မှာ Millennium Prize Problems ဆိုတဲ့ အဖြေမထွက်သေးတဲ့ အဆို ၇ ခုရှိပြီး အဆို ၇ ခုထဲမှ တစ်ခုကို ပီရယ်မန်က ဖြေရှင်းနိုင်ခဲ့တာပါ။
၁၉၀၄ ခုနှစ်မှာ ပြင်သစ်နိုင်ငံသား သင်္ချာပညာရှင် ဟန်နရီပွိုင်ကဲ တင်သွင်းခဲ့တဲ့ Poincaré Conjecture အဆိုပြုချက်ဟာ တိုပေါ်လော်ဂျီ (သဏ္ဍာန်ရင်းဗေဒ)မှာ ကာလရှည်ကြာ အဖြေရှာမရခဲ့တဲ့ ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအဆိုအတွက် ဖြေရှင်းချက်ကို ပီရယ်မန်က ၂၀၀၂ ခုနှစ်က အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ အပြီးသတ် စာတမ်းတင်သွင်းခဲ့တာပါ။ သင်္ချာအသိုက်အဝန်းတစ်ခုလုံးကလည်း သူ့ရဲ့ ဖြေရှင်းချက် ဆီလျော်ကြောင်း လက်ခံခဲ့ပြီး ပီရယ်မန်ကလည်း သူ့မျိုးဆက်ရဲ့ အတော်ဆုံး သင်္ချာပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ သင်္ချာဘာသာရပ်ရဲ့ အမြင့်ဆုံးဆုလို့ သတ်မှတ်ကြတဲ့ Fields Medal ဆု ချီးမြှင့်ခံခဲ့ရပေမဲ့ သင်္ချာအသိုက်အဝန်းရဲ့ ကျင့်ဝတ် နှုန်းစံတန်ဖိုးတွေအပေါ် သံသယရှိမှု၊ မကျော်ကြားလိုမှု စတဲ့ အကြောင်းပြချက်တွေနဲ့ ပီရယ်မန်က ဆုလက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာလည်း ဒေါ်လာ ၁ သန်း ရရှိမယ့် Clay Millennium Prize ဆုကို ပီရယ်မန်က ထပ်မံငြင်းဆန်ခဲ့ပြီး ဘဝကို မထင်မရှား ဖြတ်သန်းလျက် ရှိပါတယ်။
(ယခင် လီနင်ဂရက်) လက်ရှိ စိန့်ပီတာစဘတ်မြို့မှာ မွေးဖွားခဲ့တဲ့ ပီရယ်မန်ဟာ ဆုတံဆိပ်တွေထက် ဉာဏဆိုင်ရာ ဖြောင့်မတ်မှုကို ပိုအလေးထားပြီး ကျော်ကြားမှုကိုလည်း မလိုလားသူဖြစ်တာကြောင့် ၂၀၀၆ ခုနှစ်ကတည်းက ယနေ့အချိန်အထိ မီဒီယာတွေကိုလည်း အင်တာဗျူးလုပ်ခွင့် မပေးခဲ့ပါဘူး။
Ref: Grigori Perelman
NZ ( ရိုးရာလေး)

