အမေရိကန်ပြည်ထောင်စု၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့လို တိုင်းပြည်ကို ရောက်ခဲ့စဉ်က ဈေးဝယ်ထွက်ဖြစ်ပါတယ်။ ဈေးဝယ်တဲ့အခါ ငွေသားဖြင့် ပေးချေမှာလား သို့မဟုတ် အကြွေးဝယ်ကဒ်ဖြင့် ပေးချေမှာလားဆိုပြီးတော့ မေးပါတယ်။ ကျွန်တော်ကတော့ ငွေသားသုံးတဲ့ တိုင်းပြည်ကနေလာတော့ ငွေသားကို များသောအားဖြင့် သုံးဖြစ်ပါတယ်။ သူတို့ဆီမှာ အကြွေစေ့ စုံလင်စွာရှိပြီး အကြွေစေ့များကို အတိအကျ ပြန်ရေတွက် အန်းပေးပါတယ်။
အမေရိကားရောက်တော့ Bank of America ကဒ်ကို သုံးဖြစ်ခဲ့ ပါတယ်။ Visa ကဒ် ဖြစ်ပြီး အကြွေးဝယ်ကဒ် ဖြစ်ပါတယ်။ ငွေထုတ်ယူခွင့်ကဒ်လည်း ရှိပါသေးတယ်။ ဒီတော့ ဆိုလိုရင်းကတော့ ကဒ်ဖြင့် ပေးတဲ့အခါ ကဒ်ကို သူတို့လက်ထဲကို အပ်လိုက်ပြီး သူတို့ပါသူတို့ ကဒ်ကို စက်ထဲထည့်ပြီး ငွေနုတ်ယူပါတယ်။ ဝယ်ယူသူ ကျွန်တော်ကတော့ ငွေသားပမာဏကို အတည်ပြုပြီးတော့ စက်ပေါ်မှာ လက်မှတ်ရေးထိုးပေးရပါတယ်။ အချို့ကျ စက္ကူပေါ်မှာပဲ ထိုးပါတယ်။ စားသောက်ဆိုင်မှာ စားတဲ့အခါ သဒ္ဓါကြေးငွေ ပေးရတဲ့ ဓလေ့အရ စားသုံးမှု ကုန်ကျစရိတ် အပြင် ကိုယ်ပေးချင်တဲ့ သဒ္ဓါကြေးငွေ ပမာဏဟာ ဘယ်လောက်ဖြစ်ကြောင်း ဘောပင်နဲ့ရေး လက်မှတ်ထိုးပြီး ပေးလိုက်တဲ့အခါ ယင်း ကဒ်ကို ယူသွားလို့ သူ့ဘာသူ စက်နဲ့ ကိုယ်ပေးတဲ့ ပမာဏကိုပဲ ဖြတ်ယူသွားပါတယ်။
ကဒ်ကို အသုံးပြုမှုကို လူ ၁၀၀ မှာ ၉၉ ယောက်လောက် ဖြစ်ပြီး ငွေသားဖြင့် ပေးချသူများ အင်မတန် နည်းပါတယ်။ ငွေသားပေးချေတဲ့အခါမှာလည်း အကြွေတွေလို မပျက်ရလေအောင် အတိအကျ ပြန်အန်းပေးနိုင်ကြပါတယ်။ သူတို့တိုင်းပြည်တွေရဲ့ ဘဏ္ဍာရေးစနစ် ကောင်းမွန်ပြီး အဆင့်မြင့်မှုကို အထင်ကြီး အားကျမိပါတယ်။
ကဲ.. ကျွန်တော်တို့ မြန်မာပြည် အနေအထား ကြည့်ရအောင်။
စူပါမားကတ် ဈေးဝယ်စင်တာကြီးကနေစလို့ အသေးစားဆိုင်တွေအထိပေါ့။ တစ်ခုခု ဝယ်ယူတဲ့အခါမှာ အကြွေ ငါးဆယ် မရှိရင် တစ်ရှူးယူလိုက်ရတဲ့အဖြစ်မျိုး ကြုံဖူးပါသလား။ ဒါဟာလည်း အဖြစ်သဘောမျိုး မေးတာပါ။ ယခု စာဖတ်နေသူ အားလုံး ကြုံရမယ်လို့ ယုံကြည်ပါတယ်။ တက္ကဆီစီးရင် ငါးရာ အကြွေမရှိတဲ့အဖြစ်မျိုးလည်း ရှိပါမယ်။ အဓိကကတော့ စားသုံးကုန် ဝယ်တဲ့အခါ အကြွေ ငါးဆယ်၊ တစ်ရာကို ခက်ခဲတဲ့ အခြေအနေပါ။ စူပါမားကတ်၊ စျေးဝယ်စင်တာတွေမှာ ရောင်းအားကောင်းဆုံး ကုန်စည်စာရင်းထဲမှာ တစ်ခါသုံး တစ်ရှူးတွေ၊ ချိုချဉ် သကြားလုံးတွေ ပါနေတယ်ဆိုတာ သင်သိပါသလား။ စစ်တမ်းအတိအကျ မရှိပေမယ့် အကြမ်းဖျဉ်း တွက်ကြည့်ရအောင်။ ရန်ကုန်မြို့မှာ စူပါမားကတ်ကြီး အခု ၅၀၊ အသေးစား စတိုးဆိုင် အုပ်စုပေါင်း ၁၀၀ နဲ့ပဲ တွက်ကြည့်ပါမယ်။ ဆိုင်တစ်ဆိုင်မှာ တစ်နေ့ကို ဝယ်ယူသူ တစ်ရာနဲ့သာ တွက်ပြီး ယင်းထဲကနေ ဦးရေ ငါးဆယ်ကိုသာ အကြွေ ငါးဆယ်အစား တစ်ရှူး သို့မဟုတ် သကြားလုံး ပေးဖြစ်တယ် ဆိုပါစို့။ ဒါဆိုရင် ဆိုင်ပေါင်း ၁၅၀ မှာ နေ့စဉ် တစ်ဆိုင်ကို အယောက် ၅၀ စီက အကြွေ ငါးဆယ် ဆုံးရှုံးတယ်ဆိုရင် သင်္ချာနည်းကျကျ တွက်ကြည့်တဲ့အခါ ၃၇၅,၀၀၀ ကျပန် (သုံးသိန်းခုနှစ်သောင်းခွဲကျပ်) တိတိ ရှိပါတယ်။ ဒါကို တစ်ရက် ဆုံးရှုံးငွေဖြစ်ပြီး တစ်လဆိုရင် သိန်း ၁၀၀ ကျော် ဆုံးရှုံးပါတယ်။
ဒါဆို ခန့်မှန်းချက်က ဆယ်စလောက် လျော့ပြီးတော့ မှန်းထားတာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တွက်မယ်ဆိုရင် တစ်လကို သိန်း ၅၀၀ မကသော ငွေကြေး တန်ဖိုးက မဝယ်ချင်ပဲ ဝယ်လိုက်ရတဲ့ တစ်ရှူး၊ ချိုချဉ် သကြားလုံးတွေမှာ ဆုံးရှုံးနေပါတယ်။ ဒါတောင် လမ်းဘေး ဈေးသည်၊ နံနက်၊ ညဈေးတို့ မပါသေးပါ။ ကန်စွန်းရင် တစ်စည်း ၃၀၀ ဆိုရင် အကြွေမရှိလို့ပါအမ ၂၀၀ ဖိုး ငရုတ်သီး ယူသွားပါလားလို့ ဆိုတဲ့ ဈေးကွက်မပါသေးပါ။ ဒီတော့ အကြွေမရှိခြင်းက မြန်မာပြည်မှာ နိုင်ငံသားတွေကို လစဉ် စုစုပေါင်း သိန်းထောင်နဲ့ချီ ဆုံးရှုံးနေစေပါတယ်။
ဒီဆုံးရှုံးသွားတဲ့ ငွေပမာဏကို မဆုံးရှုံးစေပဲ တစ်ဦးတစ်ယောက်ချင်းက အကြွေတွေကို စုစည်းထားနိုင်ရင် ငါးဆယ်ဆိုတာ ဘာမှမဟုတ်ပေမယ့် ဈေးသုံးတဲ့ အကြိမ်တစ်ရာ ပြည်တဲ့အခါ ငါးထောင်ကျပ် ဖြစ်သွားပါတယ်။ အစိုးရသစ် အပြောင်းလဲမှာ မြန်မာ့ ငွေကြေးတန်ဖိုး တက်လာဖို့ မျော်လင့်ထားကြပြီး ယင်း တက်လာတဲ့ တန်ဖိုးတိုင်းမှာ ဆုံးရှုံးမှုတွေ နည်းနေစေဖို့ ဘဏ္ဍာရေးစနစ်ကို အဆင့်မြင့်ရန် လိုအပ်ပါတယ်။ ကဒ်ဖြင့် ဈေးဝယ်သုံးနိုင်တဲ့ နည်းပညာ ထောက်ပံ့ငွေကြေးစနစ်၊ အကြွေလုံလောက်စွာ ထောက်ပံ့ပေးနိုင်မှု အစရှိသဖြင့် ပြီးပြည့်စုံနေဖို့ လိုအပ်ပါတယ်။
ငွေကြေးတန်ဖိုးမြင့်မားပြီး ငွေကြေးဆုံးရှုံးမှု မရှိသော တိုင်းပြည်တစ်ပြည် ဖြစ်လာလို့ မေတ္တာဖြင့် ဆန္ဒပြု ရေးသားလိုက်ရ ပါတယ်။
Team (ရိုးရာလေး)