ဗြိတိန်တော်ဝင်မင်းသားဝီလျံဟာ သူ့မိသားစုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေဆဲပါပဲ။ မကြာသေးခင်ကမှ မင်းသားဝီလျံက အိမ်ခြေရာမဲ့တွေကို ပံ့ပိုးကူညီပေးနေတဲ့ လန်ဒန်အခြေစိုက် ပရဟိတအဖွဲ့အစည်း The Passage ကို အကြီးဆုံးသား ဂျော့ချ်နဲ့အတူ လာရောက်ခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့နှစ်စဉ်ခရစ္စမတ်နေ့လည်စာပြင်ဆင်ရာမှာ ကူညီဖို့အတွက် လာရောက်ခဲ့တာပါ။

မင်းသားဝီလျံအတွက် အဓိပ္ပာယ်ရှိတဲ့နေရာဖြစ်တဲ့ The Passage ဆီ ဂျော့ချ်ကို ခေါ်လာတာက ဒါဟာပထမဆုံးအကြိမ်ပါပဲ။ မင်းသားဝီလျံ ငယ်ငယ်တုန်းက ကွယ်လွန်သူ မိခင် ဒိုင်ယာနာမင်းသမီးက ဒီနေရာကို ခေါ်လာခဲ့ဖူးပါတယ်။ အဲ့ဒီကတည်းက အိမ်ခြေရာမဲ့ပြဿနာကို ဖြေရှင်းရာမှာ အကူအညီပေးမယ်ဆိုတဲ့ တစ်သက်တာကတိကဝတ်ထားခဲ့တာပါ။

လာရောက်လည်ပတ်စဉ်အတွင်း မင်းသားဝီလျံနဲ့ ဂျော့ချ်တို့က နေ့လည်စာကို ကိုယ်တိုင်ပြင်ဆင်ပေးတာ၊ လက်ဆောင်ပစ္စည်းထုတ်ပိုးတာ၊ Cupcake ဖုတ်တာ၊ ခရစ္စမတ်သစ်ပင်အလှဆင်တာ၊ စားပွဲခင်းကျင်းတာတွေ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ မင်းသားလေးဂျော့ချ်က အဖွဲ့အစည်းရဲ့ဧည့်သည်တော်မှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဖေနဲ့ ကွယ်လွန်သူအဘွားတို့ လက်မှတ်ရေးထိုးခဲ့တဲ့ စာမျက်နှာမှာပဲ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref: Prince William brings Prince George to volunteer at homelessness charity ahead of Christmas
WL (ရိုးရာလေး)

