နိုင်ငံ ၆၀ ကျော်ကို စက်ဘီးစီးပြီး ဖြတ်ကျော်ခဲ့တဲ့ အမျိုးသမီးငယ်

20170612_large.jpg

တောင်ကိုရီးယား အမျိုးသမီးငယ်တစ်ဦးဟာ ၂၀၁၁ ခုနှစ်မှာ ဆန်ဖရန်စ္စကိုမြို့ကစပြီး တစ်ကိုယ်တော် စက်ဘီးစီးရင်း နိုင်ငံတွေကို ဖြတ်ကျော်ခဲ့လာတာ အခုဆိုရင် နိုင်ငံပေါင်း ၆၆ နိုင်ငံတောင် ရောက်ရှိပြီးခဲ့ပါပြီ။

သူဖြတ်သန်းလာခဲ့တဲ့ ခရီးလမ်းက မြောက်အမေရိကတိုက်၊ အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသတွေဖြစ်ပြီး အခု အာရှကိုပါ ရောက်နေပြီဖြစ်ပါတယ်။ ငါးနှစ်တာကာလမှာ အိမ်မပြန်ချင်ဖြစ်ရလောက်အောင် သူ့ကို ဆွဲဆောင်နေတဲ့အချက်က ဘာများဖြစ်မလဲ။

သူက Astronomy လို့ခေါ်တဲ့ ကောင်းကင်က နေ၊ လ၊ ကြယ်တွေ၊ နဂါးငွေ့တန်းတွေကို လေ့လာရတာနှစ်သက်သူ တစ်ဦး ဖြစ်ပါတယ်။ အာကာသထဲကိုလိုက်ချင်တဲ့ သူ့ရဲ့ အိပ်မက်တွေ ဖြစ်မလာသေးခင်မှာ ကမ္ဘာအနှံ့ကို ခြေချပြီး လေ့လာချင်တဲ့စိတ်ကြောင့် ဒီလိုစွန့်စားရတဲ့ ခရီးစဉ်ကို စတင်ခဲ့တာပါ။

ဒီလို တစ်ယောက်တည်း စွန့်စားပြီး ခရီးထွက်ရတာဟာ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ နှင်းတော၊ သဲကန္တာရနဲ့ မိုးထဲ လေထဲမှာလည်း ဖြတ်သန်းခဲ့ရပါတယ်။ ဒီခရီးစဉ်မှာ သူဟာ မတော်တဆမှု ၅ ကြိမ် ဖြစ်ခဲ့ပြီး အသေးစား မတော်တဆမှုကတော့ မရေမတွက်နိုင်အောင်ပါပဲ။

သူစက်ဘီးစီးသွားတဲ့အခါ သူ့ရဲ့တင်ပါးကို အမျိုးသားတချို့က လှမ်းပြီးကိုင်တာမျိုးလို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေအထိ ကြုံခဲ့ရပါတယ်။ ခက်ခဲကြမ်းတမ်း၊ စိတ်ညစ်ရလွန်းတဲ့ အခြေအနေတွေကြုံခဲ့တာတောင် စိတ်မပျက် အားမလျော့တဲ့သူက အခုရောက်နေတဲ့ လာအိုနိုင်ငံကနေ ထိုင်းနိုင်ငံကို ထပ်မံဖြတ်ကျော်သွားဦးမှာ ဖြစ်ပါတယ်။

သူရဲ့ ဗီဒီယိုကိုတော့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ https://www.youtube.com/watch?v=Z084jZFFUZY

ရိုးရာလေးရဲ့ ပရိသတ်တွေကကော ဒီဗီဒီယိုကိုကြည့်ပြီး ဘဝမှာ ခုလိုမျိုး စွန့်စားရတဲ့ခရီး တစ်ခုလောက် သွားချင်စိတ်ဖြစ်မိပါသလား။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top