ဖခင်ဖြစ်သူရဲ့နာရေးတက်ဖို့ အိမ်ပြန်လာခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးဟာ ဇန်နဝါရီ ၁၄ ရက်နေ့က ခရီးသည်တင်ရထားနဲ့ ဆောက်လုပ်ရေးကရိန်းမတော်တဆဖြစ်ပွားမှုအတွင်း သေဆုံးသူ ၃၂ ဦးထဲမှာ ပါဝင်ခဲ့ရပါတယ်။ Sikihio Ratchasima မှာ ခရီးသည်တင်ရထားပေါ် ဆောက်လုပ်ရေးကရိန်း ပြုတ်ကျခဲ့တဲ့အချိန် ချနန်ရတ် ဝုန်ချန်အမည်ရတဲ့ အဲ့ဒီအမျိုးသမီးဟာ အဲ့ဒီရထားနဲ့ အိမ်ပြန်လာနေခဲ့တာပါ။
ဇန်နဝါရီ ၁၃ ရက်နေ့က ချနန်ရတ်က သူ့အဖေ ကွယ်လွန်သွားတဲ့အကြောင်းနဲ့ သူ မကြာခင် အိမ်ပြန်တော့မယ်အကြောင်း သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ အသိပေးခဲ့တာပါ။ ဇန်နဝါရီ ၁၄ ရက်နေ့ အိမ်ပြန်လာတဲ့အချိန် ရထားမတော်တဆမှုမဖြစ်ခင် နာရီအနည်းငယ်မှာတောင် သူ့ဆွေမျိုးတစ်ဦးရဲ့ ကွန်မန့်ကိုပြန်လည်ဖြေကြားခဲ့ပါသေးတယ်။
ချနန်ရတ်က ရထားရဲ့ဒုတိယတွဲမှာ လိုက်ပါစီးနှင်လာခဲ့တာပါ။ ရထားမတော်တဆဖြစ်ပြီးနောက် ချနန်ရတ်ရဲ့ချစ်သူက ရုပ်အလောင်းကို ရှာတွေ့ပြီဆိုတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ အတည်ပြုပေးခဲ့ပါတယ်။ “ရထားပေါ်ကို ကရိန်းပြုတ်ကျမှုကနေ ကျွန်တော့်ချစ်သူရဲ့ရုပ်အလောင်းကို ရှာတွေ့ပါပြီ။ ဒီနေ့ဟာ ကျွန်တော့်နှလုံး လုံးဝကွဲကြေသွားတဲ့နေ့ပါပဲ”လို့ သူ ရေးသားခဲ့ပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်မှာ Lam Takhong နဲ့ Sikhiu ခရိုင်ကြား Bangkok–Nakhon Ratchasima မြန်နှုန်းမြင့်ရထားလမ်းဆောက်လုပ်ရေးစင်္ကြ့တစ်လျှောက်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ Ban Thanon Khot ရွာက ဆောက်လုပ်ရေးဆိုဒ်တစ်ခုရဲ့ ကရိန်းဟာ ဘန်ကောက်ရှိ Krung Thep Aphiwat ရထားဘူတာကနေ Ubon Ratchathani ကို လာတဲ့ ခရီးသည်တင်ရထားပေါ် ပြုတ်ကျခဲ့တာပါ။ သေဆုံးသူ ၃၂ ဦး၊ ပျောက်ဆုံးသူ ၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦးရှိခဲ့ပါတယ်။
Ref: Thai woman, who died in train & crane crash, was on the way to dad’s funeral
WL (ရိုးရာလေး)

