သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေအတွက် ရွှေတံဆိပ်ဆုချီးမြှင့်ခံခဲ့ရတဲ့ နာမည်ကြီး မိုင်းရှင်းလင်းရေးကြွက်ကလေးဟာ အမှတ်တရရုပ်တုနဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။ အသက် ၈ နှစ်အထိ အသက်ရှင်ခဲ့တဲ့ မာဂါဝါဆိုတဲ့ အဲ့ဒီကြွက်ကလေးက ၂၀၁၆ ခုနှစ်ကနေစတင်ထမ်းဆောင်ခဲ့တဲ့ မိုင်းရှင်းလင်းရေးတာဝန် ၅ နှစ်တာအတွင်း ကမ္ဘာဒီးယားမှာ မြေမြှုပ်မိုင်းနဲ့ တခြားဖောက်ခွဲရေးပစ္စည်း ၁၀၀ ကျော်ကို အနံ့ခံပေးနိုင်ခဲ့ပါတယ်။
မာဂါဝါအတွက် အမှတ်တရရုပ်တုကို ပညာရှင်တွေက ထွင်းထုဖန်တီးခဲ့ပြီး အဲ့ဒီရုပ်တုကို ဧပြီ ၄ ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာပေးနေ့မတိုင်ခင် ဧပြီ ၃ ရက်နေ့က ကမ္ဘာဒီးယားနိုင်ငံ၊ ဆီယမ်ရိပ်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

မာဂါဝါကို ကမ္ဘောဒီးယားမှာ မိုင်းရှင်းလင်းရေးတာဝန်မထမ်းဆောင်ခင် ဘယ်လ်ဂျီယံ ပရဟိတအဖွဲ့ Apopo က လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ သူက ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေအတွင်းက ဓာတုဒြပ်ပေါင်းတစ်ခုကို ရှာဖွေနိုင်တဲ့ စူးရှတဲ့အနံ့ခံအာရုံကို အသုံးပြုပြီး ရှာဖွေပါတယ်။
မာဂါဝါဟာ မိုင်းရှင်းလင်းရေးတာဝန်ထမ်းဆောင်ခဲ့စဉ်က ဘောလုံးကွင်း ၂၀ စာနဲ့ညီမျှတဲ့ မြေအကျယ် ၁၄၁,၀၀၀ စတုရန်းမီတာကျော်ကို မိုင်းရှင်းလင်းရေး လုပ်ပေးနိုင်ခဲ့တဲ့အပြင် တင်းနစ်ကွင်းတစ်ကွင်းစာ မြေအကျယ်အဝန်းကို မိနစ် ၂၀ တည်းနဲ့ ရှာဖွေမှုလုပ်နိုင်စွမ်းလည်း ရှိပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ မက်ဂါဝါက တိရစ္ဆာန်တွေအတွက် ဂျော့ဘုရင်ဆုလို့ ခေါ်ကြတဲ့ PDSA ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပြီး ပရဟိတအဖွဲ့ရဲ့ ၇၇ နှစ်ကြာမြင့်တဲ့ သမိုင်းတစ်လျှောက်ရွှေတံဆိပ်ဆုချီးမြှင့်ခံရတဲ့ ပထမဆုံးကြွက်ကလေး ဖြစ်လာခဲ့ပါတယ်။

အသက်ကြီးလာပြီး လေးလံနှေးကွေးလာတာကြောင့် တာဝန်ကနေ အနားပေးပြီးနောက် ၂၀၂၂ ခုနှစ်မှာ မာဂါဝါ သေဆုံးသွားခဲ့ပါတယ်။
Ref: Cambodia unveils statue to honour famous landmine-sniffing rat
WL (ရိုးရာလေး)

