ချန်ဒူးမြို့ အမေရိကန် ကောင်စစ်ဝန်ရုံးကနေ အမေရိကန် သံအမတ်တွေ ထွက်ခွာ

27-7-2020-yyl-003.jpg

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို တရုတ်အစိုးရက ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ကောင်စစ်ဝန်ရုံးထဲကနေ အမေရိကန်သံအမတ်တွေ ထွက်ခွာသွားခဲ့ပါပြီ။ ဇူလိုင်လ ၂၇ ရက်က နောက်ဆုံးသတ်မှတ်ထားချိန်မတိုင်ခင် နာရီပိုင်းအလိုမှာ ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက ဖိုင်ထည့်ထားတဲ့ပုံးတွေ၊ အမှိုက်ပုံးတွေ သယ်ဆောင်နေကြတာ တွေ့ရပါတယ်။ ဒေသခံတွေက ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ စုဝေးခဲ့ကြပြီး တရုတ်နိုင်ငံအလံတွေ ဝှေ့ယမ်းတာ၊ ဆယ်လ်ဖီဓာတ်ပုံရိုက်တာတွေ လုပ်ခဲ့ကြပါတယ်။ ကောင်စစ်ဝန်ရုံးထဲကနေ ထွက်လာတဲ့ လော်ရီကားဓာတ်ပုံတွေကို တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ကောင်စစ်ဝန်ရုံးအပြင်ဘက်မှာ နေရာယူထားတဲ့ တရုတ်ရဲအရာရှိတွေက လာရောက်ကြည့်ရှုသူတွေကို ဘေးကပ်ခိုင်းထားပြီး စော်ကားပုတ်ခတ်တာမျိုးမလုပ်နိုင်အောင် တားဆီးခဲ့ပါတယ်။ ဒါပေမဲ့ ကောင်စစ်ဝန်ရုံး အဆောက်အအုံထဲကနေ ဘတ်စ်ကား ထွက်လာချိန်မှာ လှောင်ပြောင်အော်ဟစ်မှုတွေရှိခဲ့ပါတယ်။

ဟူစတန်မြို့ တရုတ်ကောင်စစ်ဝန်ရုံးကနေ တရုတ်သံအမတ်တွေ ထွက်လာချိန်မှာလည်း ဆန္ဒပြသူတွေက လှောင်ပြောင်အော်ဟစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းတဲ့ အမေရိကန်အစိုးရရဲ့ တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရက အခုလို ဆုံးဖြတ်ခဲ့တာပါ။ တရုတ်သံအမတ်တွေကို ဟူစတန်မြို့၊ တရုတ်ကောင်စစ်ဝန်ရုံးကနေ ၇၂ နာရီအတွင်း ထွက်သွားပေးဖို့ သတ်မှတ်ခဲ့တာဟာ ပြီးခဲ့တဲ့သောကြာနေ့က အချိန်ပြည့်သွားခဲ့ပြီး အမေရိကန်အရာရှိတွေလို့ ယူဆရတဲ့ အမျိုးသားတွေက ကောင်စစ်ဝန်ရုံး ပရိဝုဏ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ တရုတ်အစိုးရက ဉာဏမူပိုင်ခွင့်တွေ ခိုးယူဖို့ ကြိုးစားခဲ့လို့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့လုပ်ရပ်ဟာ တရုတ်ဆန့်ကျင်ရေးအလိမ်အညာတွေကို အခြေခံတဲ့လုပ်ရပ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်းဘင်က တုံ့ပြန်ခဲ့ပါတယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေး၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၊ ဟောင်ကောင်မြို့အရေး စတဲ့ကိစ္စရပ်တွေအပါအဝင် အကြောင်းအရာတော်တော်များများနဲ့ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top