တရုတ်နိုင်ငံ ချန်ရှားမြို့ ဖူရုံစကွဲ(Furong Square)မှာ ရှိတဲ့ Snack Kingdom ဟာ စတင်ဖွင့်လှစ်တဲ့ နေ့မှာပဲ ကမ္ဘာ့အကြီးဆုံးမုန့်ဆိုင်အဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ စတုရန်းမီတာ ၁၂၀၀၀ ကျယ်ဝန်းပြီး ကမ္ဘာတဝန်းမှ မုန့်အမှတ်တံဆိပ်ပေါင်း ၆၅၀၀ ကျော်၊ မုန့်အမျိုးအစားပေါင်း ၃၅၀၀၀ ကျော် ဝယ်ယူရရှိနိုင်မှာပါ။
ဝင်ပေါက် မှန်ကာအမိုးထဲမှာ အရောင်အသွေးစုံလင်တဲ့ မုန့်အမျိုးအစားပေါင်းများစွာ ပြသထားတာက ဝယ်သူတွေကို ဆွဲဆောင်နေပါတယ်။ Snack Kingdom ရဲ့ ”ခေါက်ဆွဲခြောက်မြို့တော်”ဆိုတဲ့ ဆိုင်တန်းတစ်ခုတည်းမှာ ပြည်တွင်း၊ ပြည်ပမှ ခေါက်ဆွဲခြောက်အမျိုးအစားပေါင်း ၃၅၀၀ ကျော် ရောင်းချပေးနေတာပါ။

ကိုလာအချိုရည်ဆိုင်တန်းမှာတော့ အထပ်မြင့် စင်နှစ်စင်ရှိပြီး နိုင်ငံပေါင်း ၂၀ မှ ကိုလာတွေ ရှိပါတယ်။ လူသိများတဲ့ Coca-Cola နဲ့ Pepsi အမှတ်တံဆိပ်တွေအပြင် ဆားကိုလာ နဲ့ ကိုလာအမျိုးအစားစုံလင်စွာ တွေ့မြင်ရမှာပါ။
ဧပြီလ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဝယ်ယူသူ အင်မတန် များပြားလွန်းတာကြောင့် ကုန်ပစ္စည်း ပြန်လည်ဖြည့်တင်းဖို့၊ ငွေရှင်းစနစ် မြန်ဆန်ဖို့၊ လုပ်ငန်းလည်ပတ်မှု ပိုမိုချောမွေ့ဖို့အတွက် Snack Kingdom ကို ခဏတာယာယီပိတ်ထားခဲ့ရပါသေးတယ်။
Ref: Snack Kingdom
NZ (ရိုးရာလေး)

