သမိုင်းဝင်ဓာတ်ပုံနဲ့အတူ လူသားဆန်တဲ့ ဓာတ်ပုံဆရာ

photo2.jpg

၁၉၆၅ ခုနှစ် စက်တင်ဘာလက တောင်ဗီယက်နမ်ရဲ့ ကမ်းရိုးတန်း မြေနိမ့်ဒေသတစ်ခုမှာ မိခင်တစ်ဦးဟာ သူမရဲ့ ကိုယ်ပေါ်မှာ တွယ်ကပ်နေတဲ့ ကလေးလေးယောက်နဲ့အတူ မြစ်ထဲကို ဆင်းပြီး ဖြတ်ကူးနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

အမေရိကန်လေတပ်က ကွီနွန်မြို့ (Qui Nhon) အနီးမှာ လေကြောင်းတိုက်ခိုက်မှု လုပ်တော့မှာဖြစ်လို့ သုတ်ခြေတင် ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေမှာ သူတို့သားအမိတွေဟာ မြစ်ကို ဖြတ်ကူးရုံမှတပါး အခြားရွေးချယ်စရာ မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ရိုက်ခဲ့သူကတော့ ဂျပန်လူမျိုး သတင်းဓာတ်ပုံသမား ကျိုအိချိဆာဝါဒါ (Kyoichi Sawada) ပါပဲ။ ဆာဝါဒါက သူ့ကို ဗီယက်နမ်နိုင်ငံထံ စေလွှတ်ပေးဖို့ United Press International (UPI) ရဲ့ အယ်ဒီတာတွေကို တောင်းဆိုနေခဲ့တာ တော်တော်ကြာပါပြီ။ ဒါပေမဲ့ အယ်ဒီတာတွေက သူ့ကို မလွှတ်ဘူး။ အဲဒါကြောင့် ၁၉၆၅ ခုနှစ် အစောပိုင်းမှာ ဆာဝါဒါက အားလပ်ရက်ရချိန်မှာ သူ့ကိုယ်ပိုင်ငွေနဲ့ လေယာဉ်လက်မှတ်ဖြတ်ပြီး ကင်မရာတစ်လုံးနဲ့ ဗီယက်နမ်ကို လာခဲ့တာပါ။ ဗီယက်နမ်မှာ ရိုက်တဲ့ သူ့ရဲ့ ဓာတ်ပုံတွေက အင်မတန်ကောင်းလွန်းလို့ နောက်ဆုံးမှာ UPI အယ်ဒီတာတွေက သူ့ကို ဗီယက်နမ်မှာ တာဝန်ပေးခဲ့တယ်။

‘ဘေးကင်းရာသို့ ထွက်ပြေးခြင်း’ (Flight to Safety) လို့ အမည်ပေးထားတဲ့ အဲဒီဓာတ်ပုံဟာ ကမ္ဘာကြီးကို ဆွံ့အသွားစေခဲ့တယ်။ ၁၉၆၅ ခုနှစ်ရဲ့ ‘ကမ္ဘာ့အကောင်းဆုံး သတင်းဓာတ်ပုံဆု’ (World Press Photo of the Year) ကို ရရှိခဲ့သလို၊ ဆာဝါဒါလည်း ‘ပူလစ်ဇာဆု’ (Pulitzer Prize) ရခဲ့တယ်။ တစ်နှစ်တည်းမှာပဲ Overseas Press Club Award နဲ့ US Camera Achievement Award ဆုတွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဝေဖန်ရေးသမားတွေက သူ့ကို အင်ဒိုချိုင်းနားမှာ အလုပ်လုပ်နေတဲ့ အကောင်းဆုံးနဲ့ သတ္တိဆုံး ဓာတ်ပုံသမားအဖြစ် ချီးကျူးခဲ့ကြတယ်။

ဆုပေးပွဲတွေ ပြီးသွားတဲ့နောက်မှာတော့ ဆာဝါဒါဟာ ဓာတ်ပုံထဲက မိသားစုကို လိုက်ရှာခဲ့တယ်။ စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ ရွာတွေ၊ ပဋိပက္ခကြောင့် ကွဲကွာသွားတဲ့ လူ့အဖွဲ့အစည်းကြားမှာ လိုက်လံရှာဖွေရင်း နောက်ဆုံးမှာတော့ အဲဒီမိခင်နဲ့ ကလေးတွေကိုသာမက ဓာတ်ပုံထဲမှာ ပါခဲ့တဲ့ ဒုတိယမြောက် မိသားစုကိုပါ သူ တွေ့ခဲ့ပါတယ်။ ဆာဝါဒါက ဓာတ်ပုံထဲက အမျိုးသမီးကို သူ ရတဲ့ ဆုကြေးငွေ တပြားတချပ်မကျန် ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် မိသားစု နှစ်စုလုံးအတွက် အဲဒီဓာတ်ပုံ တစ်ပုံစီလည်း ကူးပေးခဲ့တယ်။

ဆာဝါဒါက ဆုကြေးငွေတွေအားလုံး ပေးအပ်ခဲ့ပေမဲ့ ဒီအကြောင်းကို ထုတ်မပြောခဲ့ဘူး။ သူဟာ ရှေ့တန်းစစ်မျက်နှာပြင်တွေဆီ အမြဲပြန်သွားခဲ့တယ်။ ဗီယက်နမ်၊ ဟူးတိုက်ပွဲ (Battle of Hue) နဲ့ တခြားဓာတ်ပုံဆရာတွေ သွားဖို့ တွန့်ဆုတ်နေတဲ့ နေရာတွေအထိ သူ သွားခဲ့တယ်။ ဓာတ်ပုံတစ်ပုံရဖို့အတွက် မိုင်းကွင်းထဲကို ဖြတ်ပြေးဝံ့တဲ့ သတ္တိရှိသူပါ။

၁၉၇၀ ခုနှစ် အောက်တိုဘာလမှာတော့ ကမ္ဘောဒီးယားနိုင်ငံ ကီရီရွန် (Kirrirom Pass)ကို သွားတဲ့အချိန် သူ့ရဲ့ ကားဟာ ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး ဆာဝါဒါ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူက အသက် ၃၄ နှစ်ပဲ ရှိပါသေးတယ်။

Ref: Kyoichi Sawada

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top