သီချင်းတစ်ပုဒ်ရဲ့ စေ့ဆော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရန်ပုံငွေ ရှာဖွေရေး လှုပ်ရှားမှုတစ်ခုမှာ ကင်ဆာရောဂါ ခံစားနေရသူများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆၈ သန်းအထိ စံချိန်တင် ရရှိခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ပိုလန် streamer ပီယိုတာဟန်ကီဟာ ကင်ဆာရောဂါ ခံစားနေရသူ ကလေးငယ်များကို အားပေးဖို့ ရည်ရွယ်ရေးစပ်ထားတဲ့ I’m Still Here ( ပိုလန် ရက်ပ်အဆိုတော် Bedoes 2115 နဲ့ အသက် ၁၁ နှစ်အရွယ် ကင်ဆာရောဂါသည် ကလေးငယ် မာဂျာမီကန်တို့ သီဆိုထားတဲ့) သီချင်းကြောင့် ရန်ပုံငွေရှာဖွေဖို့ လုပ်ဆောင်ခဲ့တာပါ။
ဟန်ကီဟာ သူ့ရဲ့TikTok ပို့စ်တွေမှာ Like တစ်ခုရတိုင်း LiveStream ၁ စက္ကန့်နှုန်း လွှင့်သွားမယ်လို့ ကြေညာခဲ့ပြီး နယ်ပယ်အသီးသီးမှ အကျော်အမော်တွေရဲ့ အားဖြည့် ပံ့ပိုးမှုကြောင့် ၉ ရက်တိုင်တိုင် LiveStream လွှင့်ခွင့် ရရှိခဲ့ပါတယ်။

LiveStream လွှင့်နေစဉ်အတွင်း Coldplay အဖွဲ့ အဆိုတော် ခရစ်မာတင်က Videocall မှတစ်ဆင့် ဆက်သွယ်စကားပြောခဲ့ပြီး လက်တန်းစပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကိုလည်း သီဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးက I’m Still Here သီချင်းနဲ့အတူ ကနေတဲ့ ရုပ်သံမှတ်တမ်းကို သူ့ရဲ့ လူမှုကွန်ရက်မှာ ဝေမျှခဲ့ပြီး ပေါင် ၂ သိန်း ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ပိုလန်ဂိုးသမား ရှက်ဇီနီကလည်း ဟန်ကီရဲ့ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း စပိန်ကြယ်ပွင့် လာမိုင်းယာမယ်နဲ့အတူ ရုပ်သံမှတ်တမ်း ရိုက်ကူး ဖော်ပြခဲ့ပါတယ်။
Livestream လွှင့်နေစဉ်အတွင်း ဟန်ကီအပါအဝင် ဧည့်သည်တွေက (ကင်ဆာရောဂါ ခံစားနေရသူတွေကို အားပေးကြောင်း ပြသတဲ့အနေနဲ့) ခေါင်းတုံးရိပ်ခဲ့ကြပါတယ်။ Livestream ပြသနေစဉ် တလျှောက်လုံး ဆက်တိုက်ကြည့်ရှုသူ ၁.၅ သန်းကျော် ရှိခဲ့ပါတယ်။
ဟန်ကီရဲ့ မူလရည်မှန်းချက်ဟာ ရန်ပုံငွေ ပိုလန်ငွေကြေး ဇလိုတီ ၅ သိန်း(အမေရိကန်ဒေါ်လာ ၁၃၀၀၀၀) ရရှိဖို့သာ ရည်ရွယ်ခဲ့ပေမဲ့ ရန်ပုံငွေ ဇလိုတီ သန်း ၂၅၀ (အမေရိကန်ဒေါ်လာ ၆၈ သန်း)အထိ ရရှိခဲ့ပါတယ်။ ဒီပမာဏဟာ မနှစ်တုန်းက ပြင်သစ် Streamer တွေရဲ့ ရန်ပုံငွေရှာဖွေမှု စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
Ref: 23-Year-Old’s 9-Day Live Stream Raises Over $68 Million For Children Fighting Cancer
Team(ရိုးရာလေး)

