ဒန့်သလွန်စေ့က ထုတ်ယူတဲ့ အဆီအနှစ်တွေဟာ ရေထဲမှာရှိတဲ့ အမှုန်အမွှားတွေကို စုစည်းစေပြီး စစ်ထုတ်ရလွယ်ကူအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရေထဲမှ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေကို စုစည်းဖယ်ရှားနိုင်ဖို့ ဓာတုဗေဒ ပစ္စည်းတွေကို အသုံးပြုရလေ့ရှိပါတယ်။ ဘရာဇီးနဲ့ ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်တွေကတော့ ဒန့်သလွန်စေ့ထဲမှ ထုတ်ယူထားတဲ့ အဆီအနှစ်ကို Coagulant (ပလတ်စတစ်အမှုန်အမွှားတွေကို စုစည်းပေးစေတဲ့ပစ္စည်း)အဖြစ် စမ်းသပ်သုံးစွဲခဲ့တာပါ။
ရှေးဟောင်းဂရိ၊ ရောမနဲ့ အီဂျစ်လူမျိုးတွေကတည်းက ဒန့်သလွန်စေ့ကို ရေသန့်စင်တဲ့နေရာမှာ အသုံးပြုခဲ့ဖူးတဲ့ အထောက်အထားတွေကိုလည်း တွေ့ရှိရပါတယ်။
လက်ရှိ ကမ္ဘာ့သောက်သုံးရေ ၈၃% မှာ မိုက်ခရိုပလတ်စတစ်တွေ ပါဝင်နေပြီး လူ့ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေအထိ ရောက်ရှိကာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဒီရှာဖွေတွေ့ရှိချက်က အလွန်အရေးကြီးတယ်လို့ ဆိုရမှာပါ။
ဒန့်သလွန်ပင်ဟာ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့အပင် ဖြစ်တာကြောင့် အနာဂတ် ရေသန့်စင်မှုလုပ်ငန်းတွေအတွက် မျှော်လင့်ချက်အားကောင်းစေတဲ့ တွေ့ရှိမှုလည်း ဖြစ်ပါတယ်။
Ref: This ‘miracle tree’ can filter more than 98% of microplastics from tap water
NZ (ရိုးရာလေး)

