မော်ရိုပရိုစပီရီ (Mauro Prosperi) ဟာ ဆာဟာရသဲကန္တာရထဲမှာ ၉ ရက်တိုင်တိုင် လမ်းပျောက်ပြီး၊ အသက်ရှင်ဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေကနေ အံ့ဖွယ် ရှင်သန်လွတ်မြောက်လာခဲ့သူပါ။
အီတလီနိုင်ငံသား ရဲအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ မော်ရိုဟာ ၁၉၉၄ ခုနှစ်မှာ သူဟာ မော်ရိုကိုနိုင်ငံ ဆာဟာရကန္တာရထဲမှာ ကျင်းပတဲ့၊ ကမ္ဘာ့အပင်ပန်းဆုံးလို့ သတ်မှတ်ထားကြတဲ့ “Marathon des Sables” (သဲကန္တာရ မာရသွန်ပြိုင်ပွဲ) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ကီလိုမီတာ ၂၅၀ ခရီးကို ကိုယ့်ရိက္ခာကိုယ်လွယ်ပြီး ပြေးရတဲ့ပြိုင်ပွဲပါ။
ပြိုင်ပွဲ စတုတ္ထမြောက်နေ့မှာတော့ ပြင်းထန်တဲ့ သဲမုန်တိုင်း တိုက်ခတ်မှု ကြုံတွေ့ခဲ့ပြီး လမ်းပြအမှတ်အသားတွေ အကုန်ပျောက်ဆုံးသွားခဲ့လို့ မော်ရိုဟာ လမ်းကြောင်းကနေ ကီလိုမီတာ ရာနဲ့ချီ လွဲချော်ပြီး ကန္တာရအလယ်ခေါင်မှာ တစ်ဦးတည်း လမ်းပျောက်ခဲ့ရပါတယ်။
နေ့ဘက်မှာ ၄၆ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းတဲ့ ကန္တာရထဲမှာ ရေဓာတ်မခမ်းခြောက်စေဖို့အတွက် မော်ရိုက ကိုယ့်ဆီး ကိုယ်ပြန်သောက်တာ၊ ကန္တာရအလယ်က အစ္စလာမ်ဂူဗိမ္ဗာန်ထဲမှာ တွေ့ရတဲ့ လင်းနို့တွေကို ဖမ်းဆီးပြီး သွေးစုပ်တာ၊ ကန္တာရထဲမှာတွေ့တဲ့ ပုရွက်ဆိတ်တွေ၊ အိမ်မြှောင်တွေနဲ့ မြွေတွေကို ရှာဖွေစားသောက်ပြီး အသက်ဆက်ခဲ့ရပါတယ်။
ကယ်ဆယ်ရေး လေယာဉ်တစ်စီး သူ့အပေါ်ကနေ ဖြတ်ပျံသွားခဲ့ပေမယ့် သူ့ရဲ့ အချက်ပြမီး (Flare Gun) ကို မမြင်ဘဲ ကျော်သွားခဲ့တဲ့နောက် စိတ်ဓာတ်ကျသွားတဲ့ မော်ရိုဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူ့မှာ ရေဓာတ်အလွန်အမင်း ခမ်းခြောက်နေတဲ့အတွက် သွေးတွေဟာ အရည်အဖြစ် စီးမထွက်လာဘဲ ချက်ချင်း ခဲပိတ်သွားခဲ့လို့ သေကြောင်းကြံစည်မှု မအောင်မြင်ခဲ့ပါဘူး။
သူဟာ နေ့စဉ်နေ့တိုင်း ကီလိုမီတာပေါင်းများစွာ လမ်းလျှောက်ခဲ့ပြီး ၉ ရက်မြောက်နေ့မှာကတော့ အယ်လ်ဂျီးရီးယား ခြေသလုံးအိမ်တိုင်သမား မိသားစုတစ်ခုနဲ့ တွေ့ခဲ့ပြီး ကယ်တင်ခံခဲ့ရတာပါ။ အဲဒီအချိန်မှာ သူ့ရဲ့ ကိုယ်အလေးချိန်ဟာ ၃၅ ပေါင် (၁၆ ကီလိုဂရမ်) နီးပါး ကျဆင်းသွားခဲ့ပါပြီ။
ဒီလိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံမျိုး ကြုံပြီးရင် လူအများစုက ကန္တာရကို နောက်တစ်ခါ ပြန်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မော်ရိုကတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက် ၂၀၁၂ ခုနှစ်မှာ အဲဒီ “Marathon des Sables” သဲကန္တာရ မာရသွန်ပြိုင်ပွဲကို ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပန်းဝင်နိုင်ခဲ့ပါတယ်။
Ref: Mauro Prosperi
NZ (ရိုးရာလေး)

