Rakuten Viber နှင့် OpenAI တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများအတွက် စာတိုပေးပို့မှုလုပ်ဆောင်ချက်များအတွင်း ChatGPT ကို တိုက်ရိုက်အသုံးပြုနိုင်အောင် ထည့်သွင်းပေးလာ
Rakuten Viber သည် ChatGPT လုပ်ဆောင်ချက်ကို လက်တစ်ကမ်းတွင် အလွယ်တကူ အသုံးပြုနိုင်အောင် ယူဆောင်ပေးလာပြီ ဖြစ်ပါသည်။ OpenAI နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံရှိ Viber အသုံးပြုသူများသည် Viber အက်ပလီကေးရှင်း (App) ထဲမှာပင် တိုက်ရိုက် ChatGPT ၏ AI စွမ်းဆောင်ရည်သုံး လုပ်ဆောင်ချက်များကို အခမဲ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
အဆိုပါလုပ်ဆောင်ချက်များကို Viber တွင် အသုံးပြုရန် နည်းပညာကျွမ်းကျင်သူဖြစ်ရန်မလိုအပ်ပဲ AI အကူအညီပေးစနစ်ကို တစ်ကြိမ်တစ်ခါမှမသုံးဖူးသူများအပါအဝင် မည်သူမဆို AI ကို အလွယ်တကူ အသုံးပြုနိုင်စေရန် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်သည်။ ဓာတ်ပုံပြင်ဆင်ရန်ဖြစ်စေ၊ ကောင်းမွန်ပြည့်စုံသောစာတိုပေးပို့မှုတစ်ခု ရေးသားရန်ဖြစ်စေ သို့မဟုတ် ဟင်းချက်နည်းအသစ်များအတွက် စိတ်ကူးစိတ်သန်း ရှာဖွေရန်ဖြစ်စေ ဤလုပ်ဆောင်ချက်အသစ်များကို တစ်ချက်နှိပ်ရုံမျှဖြင့် အလွယ်တကူ အသုံးပြုနိုင်ပြီ ဖြစ်သည် (အသုံးပြုမှု အကြိမ်အရေအတွက် ကန့်သတ်ချက်များ ရှိပါသည်)။

နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေမည့် လုပ်ဆောင်ချက်များ
ChatGPT ၏ AI စွမ်းဆောင်ရည်သုံး အောက်ပါလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံရှိ Viber အသုံးပြုသူအားလုံးအတွက် iOS နှင့် Android တို့တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပြီး၊ ကွန်ပျူတာ (Desktop) ဗားရှင်းအတွက်လည်း မကြာမီ ရရှိနိုင်တော့မည် ဖြစ်ပါသည်-
- ChatGPT ကို သီးသန့် Contact နှင့် Tab တစ်ခုအနေနှင့် Viber တွင် ရရှိနိုင်ခြင်း – ChatGPT ကို သီးသန့် Viber chat တစ်ခုအနေနှင့် အသုံးပြုနိုင်မည် ဖြစ်ပြီး သိလိုသည်များကို မေးမြန်းခြင်း၊ အချက်အလက်ရှာဖွေခြင်း၊ လုပ်ငန်းဆောင်တာများတွင် အကူအညီရယူခြင်း သို့မဟုတ် အကြောင်းအရာတစ်ခုခုကို အသေးစိတ် စဉ်းစားတွေးတောခြင်းများအတွက် အခြား App တစ်ခုဖွင့်စရာမလိုဘဲ အသုံးပြုနိုင်ပါသည်။ စတင်အသုံးပြုရန် ChatGPT အကောင့် မလိုအပ်သော်လည်း အကောင့်အသစ်ဖွင့်ခြင်း သို့မဟုတ် Login ဝင်ခြင်းဖြင့် ပိုမိုမြင့်မားသော အသုံးပြုခွင့် ကန့်သတ်ချက်များကို တိုးမြှင့်ရယူနိုင်ပါသည်။
- ChatGPT ကို မည်သည့် စကားပြောဆိုမှု (Conversation) တွင်မဆို Tag ပြုလုပ်၍ ဆွဲခေါ်အသုံးပြုနိုင်ခြင်း – စကားပြောဆို ဆွေးနွေးမှုများအတွင်း ChatGPT ကို ပါဝင်စေပြီး အကြံပြုချက်များ ရယူနိုင်ပါသည်။ ဥပမာ – အားကစားပွဲကြည့်ရန် နေရာကောင်းများအတွက် အကြံဉာဏ်လိုအပ်ပါက Private Chat သို့မဟုတ် Group Chat အတွင်း @ChatGPT ကို ခေါ်ယူ၍ မေးမြန်းနိုင်ပါသည်။ မေးခွန်းများမေးမြန်းရန် “@” ကို ရိုက်ထည့်ပြီး Menu တွင် ပထမဆုံးပြသမည့် ChatGPT ကို ရွေးချယ်ရုံနှင့် အသုံးပြုနိုင်ပါသည်။ Chat အတွင်းရှိ မည်သူမဆို ChatGPT ၏ တုံ့ပြန်မှုကို ပြန်လည်ဖြေကြား (Reply) နိုင်သောကြောင့် စကားပြောဆိုမှုများ ပြတ်တောက်သွားခြင်းမရှိဘဲ ဆက်လက်ပြောဆိုနိုင်မည် ဖြစ်သည်။ ChatGPT ၏ တုံ့ပြန်မှုများကို အခြားသူများ၏ စာတိုပေးပို့မှုများနှင့် မတူညီအောင် ကွဲပြားစွာ ဖော်ပြပေးထားသောကြောင့် ChatGPT မှ ပေးပို့ထားခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပါသည်။ ထိုသို့ Tag ပြုလုပ်၍ ပေးပို့လိုက်သော မက်ဆေ့ဂျ်ကိုသာ ChatGPT နှင့် မျှဝေမည်ဖြစ်ပြီး စကားပြောဆိုမှု Chat အတွင်းရှိ အခြားအချက်အလက်များအား မျှဝေမည်မဟုတ်ပါ။
- Image Remix လုပ်ဆောင်ချက်: ဤလုပ်ဆောင်ချက်ဖြင့် ဓာတ်ပုံများကို ပုံစံအသစ်အဖြစ် ပြန်လည်ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ChatGPT Images လုပ်ဆောင်ချက်ဖြင့် ဓာတ်ပုံများကို တိုက်ရိုက် ပြင်ဆင်ခြင်းနှင့် စိတ်ကြိုက် ပြောင်းလဲခြင်းများကို တစ်ဦးချင်းနှင့် အဖွဲ့လိုက် Chat များအတွင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံ၏ စတိုင်ကို ပြောင်းလဲခြင်း၊ ထူးခြားဆန်းသစ်သော ပုံစံများ ထည့်သွင်းခြင်းများပြုလုပ်နိုင်ရုံသာမက သာမန်ဓာတ်ပုံတစ်ပုံကို ထူးခြားတဲ့ အထိမ်းအမှတ်နေ့ အမှတ်တရပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲဖန်တီးနိုင်ပါသည်။ Viber တွင် အသင့်ဖန်တီးထားသော Template များကိုလည်း ထည့်သွင်းပေးထားသောကြောင့် ချက်ချင်းစတင်အသုံးပြုနိုင်ပါသည်။ Remix Button ကို နှိပ်ပြီး စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ ဖန်တီးနိုင်မည်ဖြစ်သည်။
- Link Summary လုပ်ဆောင်ချက် – မျှဝေထားသော Article၊ Blog Post သို့မဟုတ် Document တစ်ခု၏ အဓိကအချက်အလက်များကို ChatGPT က အကျဉ်းချုပ်ဖော်ပြပေးနိုင်ပါသည်။ မျှဝေထားသော Link အောက်ရှိ Button ကို နှိပ်ရုံဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး လုပ်ဆောင်ချက် ကို Group Chat အားလုံးတွင် Default အနေဖြင့် အလိုအလျောက် အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပြီးသား ဖြစ်သည်။
- Chat Summary လုပ်ဆောင်ချက် – စာတိုပေးပို့မှုများပြားလှသော Group Chat များကို လွယ်ကူလျင်မြန်စွာ အမီလိုက် ဖတ်ရှုနိုင်ရန် ကူညီပေးမည်ဖြစ်သည်။ တစ်ချက်နှိပ်ရုံဖြင့် ပြောဆိုထားသော အကြောင်းအရာများ၏ အကျဉ်းချုပ် (Private Summary) ကို ရရှိနိုင်ပြီး ထိုအကျဉ်းချုပ်ကို သုံးစွဲသူတစ်ဦးတည်းသာ မြင်နိုင်ပါသည်။ ကျောင်းခရီးစဉ် စီစဉ်ခြင်း သို့မဟုတ် လုပ်ငန်းတိုးတက်မှု နောက်ဆုံးအခြေအနေတင်ပြချက်များကို ပြန်လည်ကြည့်ရှုခြင်းကဲ့သို့သော လုပ်ဆောင်ချက်များတွင် အရေးကြီးအချက်အလက်များနှင့် သဘောတူညီထားသော လုပ်ဆောင်ချက်များကို လွဲချော်မှုမရှိစေရန် အနီးကပ် စောင့်ကြည့်နိုင်စေမည်ဖြစ်ပါသည်။
- စာတိုများကို ကူညီအချောသတ်ပေးမည့် Polish Messages လုပ်ဆောင်ချက် – အရေးကြီးသည့်အကြောင်းအရာတစ်ခုကို မည်သို့ပြောဆိုရမည် မသေချာပါက Chat၊ Community သို့မဟုတ် Channel (Comment Thread များ မပါဝင်) အတွင်းရှိ Pen Icon ကို နှိပ်၍ ရေးသားထားသော အကြောင်းအရာကို ပိုမိုသင့်လျော်သော Tone ဖြစ်အောင် ပြုပြင်နိုင်ပြီး ရှင်းလင်းပြတ်သားမှုရှိအောင် ပြန်လည်ရေးသားနိုင်ပါသည်။ ဤလုပ်ဆောင်ချက် ကို အသုံးပြုထားကြောင်း အခြားသူများ မြင်နိုင်မည် မဟုတ်သောကြောင့် စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
- စာတိုပေးပို့မှုများကို ဘာသာပြန်ပေးမည့် Translate Message လုပ်ဆောင်ချက် – ဤလုပ်ဆောင်ချက်ဖြင့် ဘာသာစကား အတားအဆီးများကို ချက်ချင်းကျော်လွှားနိုင်ပါသည်။ အားလပ်ရက်ခရီးစဉ်အတွင်း ဒေသခံလုပ်ငန်းတစ်ခုနှင့် ဆက်သွယ်ရာတွင်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ၎င်း၏ မိခင်ဘာသာစကားဖြင့် မွေးနေ့ဆုတောင်းပေးလိုသည်ဖြစ်စေ၊ Pen Icon ကို နှိပ်ရုံဖြင့် ဘာသာပြန်သည့်လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါသည်။

အဆိုပါလုပ်ဆောင်ချက်များကို အသုံးပြုရန် Viber App ကို နောက်ဆုံးဗားရှင်း သို့ Update ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်သည်။ Image Remix လုပ်ဆောင်ချက် ကို အသုံးပြုလိုပါက App အတွင်းမှ ChatGPT အကောင့်သို့ Login ဝင်နိုင်သလို၊ အခမဲ့ အကောင့်အသစ်တစ်ခုကို လွယ်ကူမြန်ဆန်သော တစ်ကြိမ်တည်း လုပ်ငန်းစဉ်ဖြင့် ဖွင့်ပြီးအသုံးပြုနိုင်ပါသည် (အခကြေးငွေပေးသွင်းရသော စာရင်းသွင်းအသုံးပြုမှု ပြုလုပ်ရန် မလိုအပ်ပါ)။ အခြား လုပ်ဆောင်ချက်များအားလုံးကိုလည်း အကောင့်အသစ် Registration သို့မဟုတ် Sign-up ပြုလုပ်စရာမလိုဘဲ ချက်ချင်းအသုံးပြုနိုင်ပါသည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နေ့စဉ် ဆက်သွယ်ပြောဆိုမှုတွေကို ပိုမိုလွယ်ကူစေပြီး စိတ်ကူးစိတ်သန်းတွေအတိုင်း ပိုမိုဖန်တီးနိုင်အောင် ဖော်ဆောင်ပေးချင်တာ ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။ “OpenAI နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံက အသုံးပြုသူများဆီ ChatGPT ကို ယူဆောင်လာနိုင်ခဲ့ပါပြီ။ အသုံးပြုသူတွေအနေနဲ့ ကိုယ်တိုင် တကူးတက ရှာဖွေအသုံးပြုမှု မလုပ်ဖြစ်ရင်တောင်မှ နေ့စဉ်ဘဝအတွက် အမှန်တကယ် အသုံးဝင်စေမယ့် အဖိုးတန်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တော့မှာပါ။ ပြီးပြည့်စုံတဲ့ Message တစ်စောင်ရေးဖို့ပဲဖြစ်ဖြစ်၊ ပုံတစ်ပုံကို Remix ပြုလုပ် ပြုပြင်ဖို့ပဲဖြစ်ဖြစ် အကြံဉာဏ်သစ်တွေကို ရှာဖွေချင်ရင်ပဲဖြစ်ဖြစ် အသုံးပြုသူတွေနေ့တိုင်း သုံးနေတဲ့ App ထဲမှာတင် အသင့် စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

OpenAI ၏ VP and Head of Global Business Development ဖြစ်သူ Torben Severson ကလည်း “ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများက မက်ဆေ့ဂျ်ပေးပို့ ဆက်သွယ်မှုတွေမှာ ရှိနေတာပါ။ “ChatGPT in Viber” လုပ်ဆောင်ချက်နဲ့အတူ အသုံးပြုသူတွေအနေနဲ့ သင့်လျော်တဲ့ စကားအသုံးအနှုန်းတွေ ရွေးချယ်ရာမှစလို့ စာတိုတွေ အဆက်မပြတ်ပို့နေတဲ့ Chat တွေကို အမီလိုက် ဖတ်ရှုနိုင်ဖို့ကနေ ဓာတ်ပုံတွေ ပြုပြင်ဖို့အထိ အချိန်နှင့်တပြေးညီ အကူအညီတွေ ရရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေကို လူများနေ့စဉ်အသုံးပြုနေတဲ့ App တစ်ခုဆီ ယူဆောင်လာနိုင်ဖို့ Rakuten Viber နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။” ဟု ပြောကြားခဲ့သည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် AI နည်းပညာကို အသုံးပြု၍ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူချောမွေ့စေရန် Rakuten Viber ၏ စဉ်ဆက်မပြတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ထို့အပြင် AI ကို အသုံးပြု၍ ဝန်ဆောင်မှုများ ထိရောက်မှု တိုးတက်စေရန်နှင့် ကမ္ဘာတစ်ဝှမ်းမှ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ပေးအပ်ရန် ရည်ရွယ်သော Rakuten Group ၏ “Triple 20” Initiative ကိုလည်း အထောက်အကူပြုလျက်ရှိပါသည်။
NZ (ရိုးရာလေး)

