ဩစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှ ဇနီးမောင်နှံဟာ ဖြစ်နိုင်ခြေ ၁၅ သန်းပုံ၊ ၁ ပုံသာရှိတဲ့ မျိုးဗီဇတူ သဘာဝ ၄ မြွှာပူး မွေးဖွားခဲ့ပြီး ဒီဖြစ်ရပ်ဟာ သြစတြေးလျနိုင်ငံသမိုင်းမှာ ပထမဆုံးလို့ ယူဆနိုင်စရာ ရှိနေပါတယ်။
အသက် ၃၄ နှစ်အရွယ် မိခင် ဂျနီတာဟာ ကိုယ်ဝန် ၂၅ ပတ်မြောက်မှာ Royal Brisbane and Women’s Hospital ဆေးရုံသို့ တက်ရောက်ခဲ့ပြီးကိုယ်ဝန်သက်တမ်း ၂၈ ပတ်နှင့် ၄ ရက်တွင် ခွဲစိတ်မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မျိုးဥတစ်ဥတည်းကနေ သန္ဓေသား ၄ ခု ကွဲထွက်လာတာဖြစ်ပြီး အဲဒီလို ဖြစ်နိုင်ခြေဟာ ၁၅ သန်းပုံ၊ ၁ ပုံပဲ ရှိတယ်လို့ ဆရာဝန်တွေက တွက်ချက်ထားကြပါတယ်။
သမီးလေး ၄ ယောက်ကို အမ်မလီ၊ ဟာရီရက်၊ ကတ်သရင်းနဲ့ အလက်ဆာ (Alexa) လို့ နာမည်ပေးခဲ့ပြီး နောက်ဆုံးသမီးလေးရဲ့ နာမည်ကတော့ ကိုယ်ဝန်ဆောင်စဉ်တလျှောက် အနီးကပ် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာအလက်ဆာဘန်ဒေါလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မှည့်ခေါ်ခဲ့တာပါ။
Ref: Rare identical quadruplet girls born in Australian hospital
NZ (ရိုးရာလေး)

