MPT က ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံပြည်သူများအတွက် အရေးပေါ် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အခမဲ့ ဒေတာ၊ ဖုန်းခေါ်ဆိုမှု နှင့် စာတို (SMS) ဝန်ဆောင်မှုများ ပေးအပ်

water.webp

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် ငဝန်မြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မိုဘိုင်းကွန်ရက်ဆိုင်ရာ အခြေခံအဆောက်အအုံအချို့ ယာယီထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန်အတွက် အရေးပေါ် ဆက်သွယ်ရေးဖြေရှင်းချက်များကို အလျင်အမြန် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အရေးပေါ် ဆောင်ရွက်မှုသည် သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများအတွင်း အရေးပါသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနိုင်ရန်နှင့် ဒေသခံပြည်သူများအား အထောက်အပံ့ပေးနိုင်ရန် MPT ၏ ကတိကဝတ်ကို ထင်ဟပ်စေပါသည်။


၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် MPT သည် ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသများတွင် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်  B2B  ဂြိုဟ်တုဆက်သွယ်ရေး စက်ပစ္စည်း(Satellite Terminal) နှစ်စုံ နှင့် Cell on Wheel (COW) မိုဘိုင်းစခန်းတစ်ခုကို တပ်ဆင်ခဲ့ပြီး ဖြစ်ပါသည်။


MPT သည် ဒေသတွင်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများကို အထောက်အကူပြုနိုင်ရန် B2B  ဂြိုဟ်တုဆက်သွယ်ရေး စက်ပစ္စည်း (Satellite Terminal) အား ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စာရေးကွင်းဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် တစ်စုံ နှင့်  သခွပ်ချောင်းကျေးရွာအုပ်စု၊ ဆိတ်နို့ကုန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းတွင် တစ်စုံ တပ်ဆင်ထားပါသည်။ ထို့အပြင် Cell on Wheel (COW) မိုဘိုင်းစခန်းအား စာရေးကွင်းကျေးရွာတွင် တပ်ဆင်ထားပြီး MPT သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုများနှင့် မိုဘိုင်းအင်တာနက် အသုံးပြုမှုများကို ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ MPT သည် ၎င်း၏ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြုလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေဘေးကြုံတွေ့ ခံစားနေရသည့် ဒေသများရှိ သုံးစွဲသူများအား အခမဲ့ ဒေတာ (1GB)၊ MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၁၀၀ ကို ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို ၂၀၂၆ ခုနှစ်၊  ဩဂုတ်လ (၇) ရက်မှစ၍ (၇)ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။


MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဌာနကြီးမှ Mr.Mikinor NAITO က “MPT အနေနဲ့ အရေးပေါ်အခြေအနေတွေမှာ အထူးသဖြင့် ပြည်သူတွေ စဉ်ဆက်မပြတ် ဆက်သွယ်မှုရရှိစေဖို့က ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးလုပ်ငန်းစဉ်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။  ကျွန်တော်တို့အဖွဲ့တွေအနေနဲ့ လေးမျက်နှာမြို့ရှိ ရေဘေးကြုံတွေ့ခံစားနေရတဲ့ ဒေသခံပြည်သူတွေကို ပံ့ပိုးကူညီနိုင်ဖို့ မိုဘိုင်းနဲ့ ဂြိုဟ်တုဆက်သွယ်ရေး စက်ပစ္စည်းတွေ တပ်ဆင်ပြီး ချက်ချင်း ဆောင်ရွက်ပေးခဲ့ပါတယ်။  ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း‌ဆောင်ရွက်ပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပုံမှန်အတိုင်း အမြန်ဆုံးနဲ့ ဘေးကင်းစွာ ပြန်လည်ရရှိနိုင်စေဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု” ပြောကြားခဲ့ပါသည်။

ရေကြီးရေလျှံမှုကြောင့်  လေးမျက်နှာမြို့နယ်ရှိ မိုဘိုင်းစခန်းများ လုပ်ငန်းလည်ပတ်မှု ဘေးကင်းလုံခြုံစေရန်အတွက် ယာယီရပ်ဆိုင်းထားရပါသည်။ MPT ၏ နည်းပညာဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လက်ရှိအခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ရေများပြန်လည်ကျဆင်းကာ လုပ်ငန်းလည်ပတ်ဆောင်ရွက်မည့်နေရာများသို့ သွားရောက် ဆောင်ရွက်နိုင်သည့်အချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ရရှိစေရန် အဆင်သင့် ပြင်ဆင် ဆောင်ရွက်ထားလျက် ရှိပါသည်။


MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးရန် ကတိပြုထားပါသည်။ အထူးသဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများသည် ပြည်သူများ၏ ဘေးကင်းလုံခြုံရေး၊ အရေးပေါ်အခြေအနေများတွင် လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မိသားစုများ အကြား အဆက်အသွယ်မပြတ်ရှိစေရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့် အချိန်များတွင် လူမှုအသိုက်အဝန်းများအား ဆက်လက်ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။


MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော www.mpt.com.mmသို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top