သိပ္ပံပြတိုက်ကို သွားရောက်လည်ပတ်စဉ် စက်ရုပ်က မျက်နှာကို ကန်မိလို့ သွား ၄ ချောင်းကျွတ်သွားရတဲ့ ၅ နှစ်သမီးလေး

chik.jpg

ဟူဘေးပြည်နယ်၊ ရှန်ယန်က ၅ နှစ်သမီးလေးအတွက် သိပ္ပံပြတိုက်ဆီ ပျော်ရွှင်စရာကျောင်းခရီးစဉ်တစ်ခုဟာ အိပ်မက်ဆိုးတစ်ခုဖြစ်သွားခဲ့ပါတယ်။ သိပ္ပံပြတိုက်ဆီ သွားလည်ပတ်စဉ် စက်ရုပ်က သူ့မျက်နှာကို ကန်လိုက်လို့ပါပဲ။

ဒီမတော်တဆဖြစ်ရပ်က ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ဖြစ်ခဲ့တာပါ။ ၅ နှစ်သမီးလေးက သူ့ရဲ့မူကြိုကျောင်းနဲ့အတူ Xiangyang Science and Technology Museum ကိုသွားရောက်လည်ပတ်ခဲ့တာပါ။ ဖြစ်ပျက်ခဲ့တာ ၉ လကျော်ကြာတဲ့အထိ ကလေးမလေးက သူ့ရဲ့ထိခိုက်ဒဏ်ရာတွေအတွက် ကုသမှုခံယူခဲ့ရပြီး သူ့မိသားစုက ပြတိုက်၊ စက်ရုပ်အော်ပရေတာ၊ မူကြိုကျောင်းတို့နဲ့ တာဝန်ယူမှု၊ လျော်ကြေးငွေကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီမှုရရှိဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ပြတိုက်မှာ စက်ရုပ်ဖျော်ဖြေသရုပ်ပြမှုအတွင်း စက်က ရုတ်တရက် သတိပေးချက်မရှိဘဲ ကန်ချက်တစ်ခုပြုလုပ်ခဲ့ပြီး အနီးနားမှာ ရပ်နေတဲ့ ကလေးရဲ့မျက်နှာကို ထိခဲ့ပါတယ်။ ၅ နှစ်သမီးလေးက ချက်ချင်းမြေပြင်ပေါ်လဲကျသွားခဲ့ပြီး သူ့ရဲ့ရှေ့သွားကျွတ်သွားခဲ့ပြီး အခြားသွားမှာ ပြင်းထန်စွာ နဲ့သွားခဲ့ပါတယ်။ နောက်ထပ်ငယ်သွား ၂ ချောင်းက ကျွတ်ထွက်သွားခဲ့ပြီး သွားဖုံးလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သူ့ရဲ့အပေါ်နှုတ်ခမ်းမှာလည်းဒဏ်ရာရခဲ့ပြီး ချုပ်ခဲ့ရပါတယ်။ အခုဆို အဲ့ဒီဒဏ်ရာက အမာရွတ်ကျန်နေခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဖြစ်ပြီးနောက် သွားဖုံးတွေ ခဏခဏရောင်ရမ်းပြီး အဖျားတတ်တာတွေဖြစ်ခဲ့ပြီး ၆ လကျော်လောက် အရည်ပဲသောက်နိုင်ခဲ့တယ်လို့ ကလေးရဲ့မိခင်က ဆိုထားပါတယ်။

နှုတ်ခမ်းပေါ်က အမာရွတ်ကို ဖယ်ရှားဖို့ လေဆာကုထုံးနဲ့ ၅ ကြိမ်ခံယူခဲ့ပေမဲ့ ဆရာဝန်တွေက လုံးလုံးဖယ်ရှားဖို့ခက်ခဲကောင်းခက်ခဲနိုင်ပြီး နောင်နှစ်ပေါင်းများစွာ အမာရွတ်ထင်နေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ကလေးက ဒီမတော်တဆမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်ပေါ်စေခဲ့ပီး အိမ်ထဲကနေ အိမ်ပြင်ထွက်ဖို့ တုံ့ဆုတ်နေတယ်လို့ ဆိုပါတယ်။

ပြတိုက်ဘက်က နောက်ပိုင်းကျမှ ဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုပ်က လေ့ကျင့်နေဆဲအဆင့်မှာရှိနေဆဲဖြစ်ပြီး မတော်တဆဖြစ်တဲ့အချိန်မှာ အစမ်းလုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်ပအော်ပရေတာ Anda Chuangzhan က ဝန်ထမ်းဟာ ဘေးကင်းရေးအကွာအဝေးကို မှန်ကန်စွာမဆုံးဖြတ်နိုင်ခဲ့တာကြောင့် မတော်တဆမှုဖြစ်ခဲ့တယ်လို့လည်းပြောပါတယ်။

အတားအဆီးများ၊ သတိပေးချက်များ၊ ဝန်ထမ်းကြီးကြပ်မှုလို အခြေခံဘေးကင်းရေးအစီအမံတွေကို ဘာလို့ မထားရှိတာလဲလို့ ကလေးမိသားစုက မေးခွန်းထုတ်ခဲ့ပါတယ်။ နှစ်ဖက်စလုံးက လျော်ကြေးငွေအတွက် သဘောတူညီချက်မရရှိသေးပါဘူး။ မိသားစုက ကလေးလေးရဲ့ကုသစရိတ် ၄၂၀၀၀၀ ယွမ်ကျသင့်နိုင်တယ်လို့ အစက ခန့်မှန်းခဲ့ပေမဲ့လည်း အနာဂတ်မှာ နောက်ထပ်ညှိနှိုင်းမှုတွေမလုပ်ချင်လို့ လျော်ကြေးငွေ ၁၅၀၀၀၀ ယွမ်သာ တစ်ကြိမ်တည်းနဲ့ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ်ညှိနှိုင်းမှုမှာ Anda Chuangzhan က ကလေးမလေးရဲ့ ဆေးကုသစရိတ်အပြင် အပိုဆောင်း ကရုဏာကြေး/လူသားချင်းစာနာမှုကြေး အဖြစ် ယွမ် ၂၀,၀၀၀ သာ ပေးမယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် တာဝန်ယူမှုကို အသိအမှတ်မပြုဘဲ ကလေးမိသားစုကို တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းဖို့သာ အကြံပေးခဲ့ပါတယ်။

လက်ရှိမှာ သိပ္ပံပြတိုက်၊ Anda Chuangzhan ကုမ္ပဏီနဲ့ မူကြိုကျောင်းတို့အကြား ဘယ်သူက တာဝန်ယူရမယ်နဲ့ ကလေးမလေးကို ဘယ်လို့ လျော်ကြေးပေးရမယ်ကို ဆက်လက် ညှိနှိုင်းနေဆဲဖြစ်တဲ့အတွက် ကလေးမိသားစုဘက်က စောင့်ဆိုင်းနေရပါတယ်။

Ref: 5-Yr-Old Girl Loses 4 Teeth After Robot Kicks Her In The Face During Science Museum Visit, May Be Left With Permanent Scar

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top