ပြီးခဲ့တဲ့ မေလတုန်းက ပြင်းထန်စွာတိုက်ခိုက်ခံနေရတဲ့ အမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူရဲကောင်းဆုချီးမြှင့်ခံခဲ့ရပါတယ်။ သူကတော့ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့က ကက်ဆီယပ်စ် ဘိုင်သ်ဝုဒ်ဆိုသူအမျိုးသားပါ။ Miami ရဲတပ်ဖွဲ့ဟာ ကက်ဆီယပ်စ်ကို သူ့ရဲ့ရဲစွမ်းသတ္တိနဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ သူရဲကောင်းဆုကို စက်တင်ဘာ ၁၆ ရက်နေ့က ချီးမြှင့်ပေးခဲ့တာပါ။
ကယ်ဆီယပ်စ်က သူရဲကောင်းဆုလက်ခံရရှိတဲ့အခမ်းနားမှာ ကျေးဇူးတင်စကားပြောကြားခဲ့သလို ကိုယ်ခံပညာကို ဘဝတစ်လျှောက်လုံးလေ့ကျင့်ထားခဲ့တာနဲ့ ဖိအားများတဲ့ အခြေအနေမျိုးမှာ ထိတ်လန့်တုန်လှုပ်မသွားဘဲ တည်ငြိမ်စွာနေထိုင်ဖို့ မိဘတွေ သင်ကြားပေးခဲ့တာတွေကြောင့် အခုလိုအခြေအနေမျိုးအတွက်သူအနေနဲ့ အသင့်ဖြစ်နေခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်။
ကက်ဆီယပ်စ်က ကိတ်လင် ဒစ်ဇွန်ဆိုသူအမျိုးသမီးကို ကယ်တင်ပေးခဲ့တာပါ။ ကိတ်လင်က လျှောက်လမ်းမှာ ခွေးကိုခေါ်ပြီးလမ်းလျှောက်နေတဲ့အချိန် တိုက်ခိုက်သူတစ်ဦးက သူ့ကို ရိုက်နှက်ပြီး ကိုယ်တိုင်လုပ် ချွန်ထက်တဲ့လက်နက်နဲ့ မျက်နှာကို ထိုးစိုက်ဖို့ လုပ်နေခဲ့တာပါ။ ကယ်ဆီယပ်စ်က အော်သံကြားပြီး အခင်းဖြစ်ပွားတဲ့နေရာကို အပြေးသွားကာ တိုက်ခိုက်သူကို ကန်ချပြီးတော့ ကိတ်လင်ကို ထွက်ပြေးသွားစေခဲ့တာပါ။
ကိတ်လင်က တိုက်ခိုက်မှုကြောင့် မျက်လုံးအနီးအရိုးကျိုးသွားခဲ့ပြီး နှာခေါင်းမှာလည်း ချုပ်ခဲ့ရပါတယ်။ အမြင်အာရုံကွယ်သွားခဲ့ရပြီး ထပ်မံမြင်တွေ့ရနိုင်တော့မှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ အခုတော့ အမြင်အာရုံအပြည့်အဝနီးပါးပြန်လည်ရှိထားပါပြီ။ ကယ်ဆီယပ်စ်ကလည်း အဲ့ဒီဖြစ်စဉ်အတွင်း လက်သန်းအရိုးကျိုးသွားခဲ့ပြီး ဒူးဆစ်အဆစ်လွဲသွားခဲ့ပါတယ်။
တိုက်ခိုက်သူ အသက် ၄၉ နှစ်အရွယ် ရေးဒင်း ဂျွန်ဆင်ကို အခင်းဖြစ်ပွားရာနေရာမှာပဲ လူသတ်ရန်ကြံစည်မှု၊ ပြင်းထန်စွာနာကျင်စေမှုစတဲ့စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
Ref: Miami man receives hero award from police after saving woman from attacker
WL (ရိုးရာလေး)

