ကော်လိုရာဒိုပြည်နယ်က ကျောင်းတစ်ကျောင်းဟာ အများကချစ်ခင်လေးစားရတဲ့ ဆရာကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရပါတယ်။ ဂျူလီစ် ဒါလေးအမည်ရတဲ့ အဲ့ဒီဆရာက မတ်လ ၄ ရက်နေ့မှာ သေဆုံးသွားခဲ့ပြီး သူ့ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကျောင်းသား/သူတွေကို ကြေကွဲဝမ်းနည်းစေခဲ့ပါတယ်။ (သေဆုံးရခြင်းအကြောင်းအရင်းကိုတော့အသေအချာဖော်ပြထားခြင်းမရှိပါ)။ ဆရာဒါလေးဟာ Daniel C. Oakes High School မှာ အင်္ဂလိပ်၊ သမိုင်းနဲ့ စီးပွားရေးဘာသာရပ်ဆရာဖြစ်ခဲ့တာပါ။



ဆရာဒါလေးဟာ ဆရာအဖြစ် လုပ်သက် နှစ် ၃၀ ရှိခဲ့ပြီး ကျောင်းသားမျိုးဆက်သစ်တွေအတွက် အတုယူစရာဖြစ်ခဲ့တာပါ။ အထက်တန်းကျောင်းက ဆရာဒါလေး သေဆုံးခြင်းအတွက် ဝမ်းနည်းကြေကွဲတဲ့အနေနဲ့ဖယောင်းတိုင်ထွန်းညှိခြင်းအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ကျောင်းသားဟောင်း ၃၀၀ ကျော်ကလည်း သူတို့ရဲ့ချစ်လှစွာသောဆရာကို နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ကျောင်းကို လာရောက်ခဲ့ကြပါတယ်။ ကျောင်းသားဟောင်း ရာကျော်လာရောက်ခဲ့တဲ့ပုံရိပ်တွေကို ကျောင်းက လူမှုကွန်ယက်ပေါ်မှာ မတ်လ ၁၄ ရက်နေ့က တင်ခဲ့ပါတယ်။









ဂျနီဖာ နော်ဝင်ဆိုသူကလည်း ဆရာဒါလေးရဲ့မိသားစုဝင်တွေအတွက် ရန်ပုံရှာပေးဖို့ GoFundMe ပေ့ချ်ထောင်ပေးခဲ့ပါတယ်။ အဲ့ဒီပေ့ချ်မှာ Daniel C.Oakes High School မှာ နှစ် ၃၀ လုပ်ခဲ့တဲ့ ဆရာတစ်ဦး၊ မရေတွက်နိုင်တဲ့ ကျောင်းသူ/သားတွေရဲ့ဘဝတွေကို ချစ်ခြင်းမေတ္တာ၊ ပံ့ပိုးကူညီမှုတွေနဲ့ ထိတွေ့စေခဲ့တယ်။ သူ့ရဲ့အဆုံးမဲ့ပံ့ပိုးကူညီမှုနဲ့ချစ်ခြင်းမေတ္တာတွေက ကျောင်းသား/သူတွေကို အရှုံးမပေးဘဲ ပန်းတိုင်ကိုရောက်ဖို့ ရဲစွမ်းသတ္တိကို ပေးစွမ်းတယ်။ ကဗျာသင်ကြားတာကနေတဆင့် ကျောင်းသား/သူတွေကို သူတို့ရဲ့အတိတ်နဲ့ပစ္စုပ္ပန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သင်ကြားပေးခဲ့တယ်။ ဆရာဒါလေးက Daniel C. Oakes မိသားစုရဲ့နှလုံးသားဖြစ်ခဲ့တယ်။ သူ့ရဲ့အမွေအနှစ်တွေက ကျောင်းသား/သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတဆင့် ဆက်လက်ရှင်သန်နေမှာပါလို့ ရေးသားထားပါတယ်။
လူအများစုရဲ့ လျစ်လျူရှုခံရပြီး ဒုက္ခရောက်နေတဲ့ ဆယ်ကျော်သက်တွေကို ဆရာဒါလေးက အောင်မြင်မှုဆီရောက်အောင် ကူညီလမ်းပြပေးခဲ့တယ်လို့လည်း သိရပါတယ်။
Ref: Hundreds of students show up to old school to mourn the death of high school teacher of 30 years
WL (ရိုးရာလေး)