ခေါက်ဆွဲပြုတ်တစ်ပွဲကြောင့် ရခဲ့တဲ့အသိတစ်ခု

boy-eating-noodles.jpg

ညနေခင်းတစ်ခုမှာ ကျွန်တော်နဲ့ ကျွန်တော့်အမေဟာ ကိစ္စတစ်ခုဆွေးနွေးကြရာကနေ အကြီးအကျယ်စကားများခဲ့ကြပါတယ်။ အမေက စိတ်ဆိုးဒေါသထွက်ပြီး ကျွန်တော့်ကို အိမ်ကနေထွက်သွားလို့ ပြောလိုက်တာကြောင့် ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ အိမ်ကနေထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့စိတ်ညစ်ညစ်နဲ့ လျှောက်လာရင်း တစ်နေရာအရောက်တော့ ခေါက်ဆွဲပြုတ်ရောင်းတဲ့ဆိုင်လေးတစ်ဆိုင် တွေ့ပါတယ်။

ဆိုင်လေးနားအရောက်မှာ ခေါက်ဆွဲပြုတ်အနံမွှေးမွှေးလေးကြောင့် ကျွန်တော် ဗိုက်အရမ်းဆာလာပါတော့တယ်။ ဝယ်စားဖို့အတွက် အိပ်ကပ်ထဲပါတဲ့ ပိုက်ဆံတွေကို ရေတွက်ကြည့်ရာ မလောက်ငှတာကြောင့် စိတ်ပျက်ဝမ်းနည်းရုံမှလွဲပြီး ဘာမှမတတ်နိင်တော့ပါဘူး။ ခေါက်ဆွဲပြုတ်ပန်းကန်လေးတွေကိုကြည့်လိုက် ပိုက်ဆံအကြွေတွေ ထုတ်ရေလိုက်လုပ်နေတာကိုတွေ့သွားတဲ့ ဆိုင်ပိုင်ရှင်က “ကောင်လေး… ခေါက်ဆွဲပြုတ်စားချင်လို့လား” လို့မေးတဲ့အခါ ‘ဟုတ်ကဲ့။ ကျွန်တော် ဗိုက်အရမ်းဆာလို့ စားချင်ပါတယ်။ ဒါပေမဲ့ ဝယ်ဖို့အတွက်လည်း ပိုက်ဆံမလောက်ဘူးဖြစ်နေလို့ပါ” လို့ပြန်ပြောလိုက်ပါတယ်။

အဲ့ဒီအခါဆိုင်ပိုင်ရှင်က ” ဒါဆိုလည်း စားပါ။ မင်းပါသလောက်ပဲပေး” ဆိုပြီးတော့ ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကို ကျွန်တော့်လက်ထဲ ထည့်ပေးပါတယ်။ အနည်းငယ်စားပြီးနောက်မှာတော့ ကျွန်တော့် မျက်ရည်အနည်းငယ်ကျမိသွားပါတယ်။ ကျွန်တော် မျက်ရည်ကျတာကို ဆိုင်ပိုင်ရှင်တွေ့သွားတဲ့အခါ” ကောင်လေး မင်းဗိုက်ဆာနေတယ်ဆိုလို့ ခေါက်ဆွဲပြုတ်တစ်ပွဲကို မင်းပါသလောက်နဲ့ပေးလိုက်တယ်လေ။ အခုဘာဖြစ်လို့ ငိုနေရတာလဲလို့မေးတဲ့အခါ ” ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဦးလေး။ ဦးလေးလို သူစိမ်းတစ်ယောက်က အခုလိုမျိုးကူညီပေမဲ့ ကျွန်တော့်ရဲ့ အမေကတော့ သူနဲ့စကားများရန်ဖြစ်တဲ့အတွက် ကျွန်တော်ကို အိမ်ကနေထွက်သွားခိုင်းတာကို ပြန်တွေးပြီးစိတ်မကောင်းဖြစ်မိလို့ပါ”

ဆိုင်ပိုင်ရှင်က သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး “ကောင်လေး မင်းဘာလို့ အဲဒီလိုမျိုးတွေးနေရတာလဲ? မင်းအမေက မင်းဟိုးငယ်ငယ်လေးကတည်းက အခုလို အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုစာင့်ရှောက်လာခဲ့တာပါ။ သူရဲ့ ကျေးဇူးတရားတွေက မင်းဆပ်လို့တောင်မကုန်နိင်ပါဘူး။ ငါနဲ့မင်းက ခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ပတ်သတ်ပြီး အခုမှသိကြတာလေ။ မင်းအမေနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ မင်းအထင်မှားနေပြီ။ ပြန်စဉ်းစားကြည့်ပါအုံး ကောင်လေး”

ဆိုင်ပိုင်ရှင်ကြီးပြောတဲ့ စကားတစ်ခွန်းက ကျွန်တော့်ရင်ကိုထိစေခဲ့ပါတယ်။ အဲဒီနောက် ဆိုင်ပိုင်ရှင်ကြီးကို နှုတ်ဆက်ပြီးနောက် အိမ်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အိမ်ကိုပြန်တဲ့လမ်းတစ်လျှောက် ကျွန်တော့်ရဲ့ ခေါင်းထဲမှာတော့ အိမ်ပြန်ရောက်ရင် အမေ့ကိုဘာပြောရမလဲ ဆိုတာတွေးလာရင်း အိမ်တံခါးဝကို ရောက်လာခဲ့ပါတယ်။ အိမ်တံခါးဖွင့်လိုက်တဲ့အခါ ပြတင်းပေါက်ကနေ ဟိုဟိုဒီဒီကြည့်နေတဲ့ ကျွန်တော့်အမေကို လှမ်းတွေ့လိုက်ရပါတယ်။ “အမေ…ကျွန်တော် တောင်းပန်ပါတယ်နော်။ ကျွန်တော့်အမှားပါ။ ခွင့်လွှတ်ပေးပါ အမေ” လို့ တောင်းပန်လိုက်တဲ့အခါ အမေက ခုလိုပဲပြန်ပြောလိုက်ပါတယ် ” ဪ သားရယ် ခွင့်လွှတ်ပါတယ်။ အမေလည်း စိတ်ဆိုးပြီး ပြောလိုက်မိတာပါ။ သားအိမ်ပြန်လာရင် ဗိုက်ဆာနေမှာပဲဆိုတာကို အမေသိလို့ သားကြိုက်တဲ့ဟင်းလေးတွေချက်ထားတယ်။ ပူပူနွေးနွေးလေးစားလိုက်ဦး” ဆိုတဲ့ အမေ့စကားသံကိုကြားလိုက်ရတဲ့အခါ ကျွန်တော်မျက်ရည်တွေအလိုလို စီးကျလာခဲ့ပါတော့တယ်။

ကျွန်တော်တို့ဟာ တစ်ခါတလေမှကူညီပေးတဲ့သူတွေကို အမှတ်ရ သတိရနေတတ်ကြပေမဲ့ အမြဲတမ်းကူညီစောင့်ရှောက်ပေးနေတဲ့ မိဘဆွေမျိုးမောင်နှမတွေကိုတော့ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် မိဘနှစ်ပါးရဲ့ ကျေးဇူးတရားတွေကတော့ဖြင့် ဆပ်လို့မကုန်နိင်လောက်အောင် များပြားလှပါတယ်။ မိဘနဲ့သားသမီး အဆင်မပြေစကားများကြတာက သဘာဝဖြစ်ပေမဲ့ မိဘစေတနာကိုနားမလည်ဘဲ မိဘရင်ခွင်ထဲကနေ အတင်းရုန်းထွက်သွားမယ်ဆိုရင်တော့ သင့်အတွက် ဘယ်အရာမှ အဆင်ပြေချောမွေ့နိုင်မှာမဟုတ်ပါဘူး။ မိဘကျေးဇူးကို မဆပ်နိင်သေးရင်တောင်မှ မိဘကျေးဇူးကိုသိတတ် နားလည်ခြင်းက မိဘနှစ်ပါးကို စိတ်ချမ်းသာစေနိုင်ပါတယ်။ ရွှေတွေ ငွေတွေပေးနိုင်မှ ကျေးဇူးဆပ်နိုင်တာမဟုတ်ပါဘူး။ ကိုယ်စိတ်ချမ်းသာအောင်ထားခြင်းကလည်း အဖိုးမဖြတ်နိင်တဲ့ ကျေးဇူးဆပ်ခြင်းတစ်မျိုးပါပဲ။ စာဖတ်သူတွေကို လက်ဆောင်ပေးချင်တဲ့စကားလေးတစ်ခွန်းကတော့ “သင့်အပေါ်ဘယ်သူတွေဘယ်လောက်ကောင်းကောင်း သင့်မိဘကသာ သင့်အပေါ်နားလည်မှုအရှိဆုံးနဲ့ အကောင်းဆုံးပါ “။

Ref: “A Bowl of Noodles from a stranger”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top