ကမ္ဘာတစ်ခုတည်းပေါ်မှာတင်ပဲ အချိန်တွေမတူညီရတဲ့အကြောင်း

45645839_1414533238678418_8586592196910645248_n.jpg

အချိန်ဆိုတဲ့အရာကို ကြိုတင်ခန့်မှန်းလို့ရတဲ့အရာ၊ ဒါမှမဟုတ် ကျွန်တော်တို့တိုင်းတာလို့ရတဲ့အရာလို့ ထင်မြင်နေတတ်ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နာရီတွေကို မယုံကြည်ဖို့ ပြောနေတာမဟုတ်ပေမဲ့လို့ အချိန်က ကျွန်တော်တို့သိထားသလို အလုပ်လုပ်နေတာမဟုတ်တာတော့ သေချာပါတယ်။

အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ (Relativity Theory) အရ အချိန်ဆိုတဲ့အရာဟာ လောလောဆယ် သင်ရောက်ရှိနေတဲ့ နေရာရဲ့ ဆွဲငင်အားတွေ၊ အလျင်တွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင် ကျွန်တော်တို့ ကမ္ဘာရဲ့ အလယ်ဗဟိုဟာ မျက်နှာပြင်ထက် ပိုပြီးသက်တမ်းနုနယ်သေးတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်မှာတည်းက နာမည်ကြီး သိပ္ပံပညာရှင် ရစ်ချက်ဒ် ဖေးရ်န်မန်းန် (Richard Feynman) က “ဒါဟာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီအရ အချိန်သွေဖယ်ခြင်းဖြစ်ရပ် ဖြစ်ပေါ်တာဖြစ်ပါတယ်။ ဆွဲငင်အားက အချိန်မျဉ်းကွေးကို တွန့်လိမ်သွားစေလို့ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အလယ်ဗဟိုဟာ မျက်နှာပြင်ထက် တစ်ရက်ကနေ နှစ်ရက်အထိ ပိုပြီးသက်တမ်းငယ်နေနိုင်ပါတယ်” လို့ပြောခဲ့ပါတယ်။ အခြားသော သိပ္ပံပညာရှင်တွေကလည်းပဲ ဖေးရ်န်မန်းန်ရဲ့အဆိုကို လက်ခံခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ဒိန်းမတ်နိုင်ငံသား သိပ္ပံပညာရှင်တွေဟာ ဒီကိန်းဂဏန်းတွေကို ပြန်လည်ဆန်းစစ်ခဲ့ရာမှာ ဖေးရ်န်မန်းန်ရဲ့ အဆိုဟာ အတော်လေး လွဲမှားခဲ့ပါတယ်။ ”ဖေးရ်န်မန်းန်ကို ထိခိုက်စေလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ဟာ အရမ်းနာမည်ကြီးတိုင်းလည်း သူပြောသမျှ အကုန်မှန်နေတာ မဟုတ်နိုင်လို့ပါ။ ပြီးတော့ ဖေးရ်န်မန်းန်ကိုယ်တိုင်လည်း ဒါကို လက်ခံခဲ့လိမ့်မှာဖြစ်ပြီး သူမှားပြီးတွက်ခဲ့တာကို စိတ်ထဲရှိနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သိပ္ပံပညာမှာ အမှန်တရားကိုသိရဖို့ ဘယ်သူ့မျက်နှာမှ မထောက်ပါဘူး။ နယူတန်ရဲ့ အဆိုတွေမှားကြောင်းလက်ခံပေးခဲ့ကြလို့သာ အိုင်းစတိုင်းရဲ့ သီအိုရီတွေဖြစ်လာခဲ့ကြတာပါ။ ကျွန်တော်တို့ ပြန်လည်လေ့လာပြီး တွက်ချက်ကြည့်တာအရတော့ ကမ္ဘာအလယ်ဗဟိုရဲ့ သက်တမ်းဟာ မျက်နှာပြင်ထက် ၂ နှစ်ခွဲလောက် ပိုလို့သက်တမ်းနုနယ်နေနိုင်ပါတယ်။

ဒါဟာ သင်္ချာပိုင်းဆိုင်ရာ အပေါင်းအနုတ်တွေကြောင့် မဟုတ်ပါဘူး။ အချိန်သွေဖယ်ခြင်းအကျိုးသက်ရောက်မှုဟာ ကျွန်တော်တို့နေ့စဉ်သုံးစွဲနေတဲ့အရာတွေအပေါ်မှာလည်း သက်ရောက်ပါတယ်။ ဥပမာ GPS (Global Positioning System) သုံးတယ်ဆိုပါစို့။ GPS ဂြိုဟ်တုဟာ ပတ်လမ်းကြောင်းအရ ကမ္ဘာမြေပြင်ကနေ ၁၂,၅၀၀ မိုင်အကွာမှာရှိနေပြီး ကမ္ဘာဆွဲငင်အားကို နည်းပါးစွာပဲခံရတာကြောင့် GPS ဂြိုဟ်တုရဲ့ ကိုယ်ပိုင်အချိန်ဟာ ကမ္ဘာမြေပြင်က အချိန်ထက် ပိုမြန်ဆန်နေမှာပါ။ ဒါပေမဲ့ GPS ဂြိုဟ်တုရဲ့ အလျင်ကတော့ တစ်နာရီကို ၈,၆၇၀ မိုင်ခန့်နဲ့လျင်မြန်စွာ သွားလာနေတာကြောင့် ဒီအလျင်က အချိန်ကို ပြန်ပြီးတော့ နှေးသွားစေပါတယ်။ ဒီအခါမှာ မြန်သွားတဲ့အချိန်ရယ်၊ ပြန်နှေးသွားတဲ့ အချိန်ရယ်ဟာ ညီတူညီမျှ ဘဲစားဘဲချေ ဖြစ်မသွားပဲ ဆွဲငင်အားက အနည်းငယ်သာသွားတဲ့အခါမှာတော့ နောက်ဆုံးရလဒ်အနေနဲ့ GPS ဂြိုဟ်တုက အချိန်ဟာ ကမ္ဘာပေါ်ကအချိန်ထက် အင်မတန်နည်းပါးလွန်းတဲ့ စက္ကန့်စိတ်ကလေးမျှ နှေးသွားပါတော့တယ်။

ဒီအကျိုးသက်ရောက်မှုဟာ လူသားတွေ အပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အာကာသယာဉ်မှုးတွေဟာ အာကာသထဲမှာ လပေါင်းများစွာသွားနေပြီးတဲ့နောက် သူတို့ရဲ့နာရီတွေဟာ စက္ကန့်စိတ်မျှ နောက်ကျသွားတာတွေရှိပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို အချို့ Science-fiction (si-fi) ရုပ်ရှင်ကားတွေမှာ တွေ့ရတတ်ပါတယ်။ ဆွဲငင်အား အင်မတန်ကွာခြားတဲ့ ဂြိုဟ်တစ်ခုပေါ်ကို တစ်နာရီခန့် ဆင်းသွားရာမှာ ပြန်ရောက်လာတော့ အာကာသယာဉ်ပေါ်ကလူက ၁၀ နှစ်လောက်အသက်ကြီးသွားတာမျိုးပါ။ အချိန်ဆိုတာ Dimension (အတိုင်းအတာ) တစ်မျိုးပဲလို့ဆိုရင် ဘာကြောင့်အချိန်ဟာ အနာဂတ်ကိုပဲ တစ်လမ်းတည်းသွားနေပါသလဲ။ ကျွန်တော်တို့ဟာ အချိန်ကို ကြိုက်သလိုအသုံးချပြီး ချယ်လှယ်နိုင်လောက်အောင် နည်းပညာမဖွံ့ဖြိုးသောသေးတာကြောင့် အချိန်ရဲ့အကြောင်းကို လုံလောက်အောင် မသိကြသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော အချိန်ဆိုတဲ့အရာဟာထူးဆန်းအံဩဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ လူသားတို့ လိုက်တွေးခေါ်လို့မမီနိုင်သေးတဲ့ရာတစ်ခုပဲ ဖြစ်ပါတော့တယ်။

Ref: Curiosity ”Thanks to time dilation,earth’s core is younger than it’s surface”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top