မဲခေါင်မြစ်ထဲကနေ ကမ္ဘာ့အကြီးဆုံး ရေချိုငါးကြီး ဖမ်းမိ

21-6-2022-yyl02.jpg

မဲခေါင်မြစ်ထဲကနေ ဖမ်းမိခဲ့တဲ့ ငါးလိပ်ကျောက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး ရေချိုငါးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ၁၃ ပေ ရှည်လျားပြီး အလေးချိန် ၆၆၁ ပေါင်ရှိတဲ့ ငါးလိပ်ကျောက်ကြီးကို ဇွန်လ ၁၃ ရက်နေ့မှာ ကမ္ဘောဒီးယားတံငါသည်တစ်ဦးက ဖမ်းမိခဲ့တာပါ။

မဲခေါင်မြစ်ထဲကနေ ငါးအကြီးကြီးတွေ၊ မျိုးသုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ ငါးတွေ ဖမ်းမိရင် သူတို့ကို အကြောင်းကြားပေးဖို့ Wonders of Mekong သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နဲ့ ကမ္ဘောဒီးယားနိုင်ငံ ငါးလုပ်ငန်းအာဏာပိုင်အဖွဲ့က တံငါသည်တွေကို ကြိုတင်မှာကြားထားခဲ့တာပါ။

တံငါသည်က ငါးလိပ်ကျောက် အကြီးကြီးမိထားတယ်လို့ လှမ်းအကြောင်းကြားချိန်မှာ Wonders of Mekong အဖွဲ့ရဲ့ သိပ္ပံပညာရှင်တွေ ရောက်လာခဲ့ပြီး ငါးကြီးကို တိုင်းတာကာ ခြေရာခံစောင့်ကြည့်ကိရိယာ တပ်ဆင်ပြီး ရေထဲကို ပြန်လွှတ်ပေးခဲ့ကြပါတယ်။

အခု တွေ့ရှိခဲ့တဲ့ ငါးလိပ်ကျောက်ကြီးဟာ ၂၀၀၅ ခုနှစ်က ထိုင်းနိုင်ငံအပိုင် မဲခေါင်မြစ်ထဲမှာ တွေ့ရှိရတဲ့ အလေးချိန် ၆၄၆ ပေါင်ရှိ ငါးခူ(ယခင်စံချိန်ဟောင်း)ထက် ပိုကြီးမားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံး ရေချိုငါးတွေကို တရားဝင်စားရင်းပြုစုထားတာမျိုးတော့ မရှိပါဘူး။

ဇီဝမျိုးကွဲစုံလင်တဲ့ မဲခေါင်မြစ်ဟာ အလွန်အကျွံ ငါးဖမ်းတာ၊ ဆည်ဆောက်တာ၊ ရေထုညစ်ညမ်းတာတွေကြောင့် ထိလွယ်ရှလွယ်တဲ့ ဂေဟစနစ် ခြိမ်းခြောက်မှု ကြုံနေရပါတယ်။ တိဘက်ကတောင်တန်းတွေကနေ အစပြုလာတဲ့ မဲခေါင်မြစ်ဟာ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းပါတယ်။

Ref: BBC & NBC News

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top