ဝန်ထမ်းအယောက် ၁၀၀၀၀ နဲ့ သူတို့ရဲ့မိသားစုဝင်တွေရဲ့ Disney World (၃) ရက်တာအပန်းဖြေခရီးအတွက် အကုန်အကျခံပေးခဲ့တဲ့ ဘီလျံနာ

12-12-2022-yyl-01.jpg

ပြီးခဲ့တဲ့ရက်သတ္တပတ်က ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေနဲ့ကုန်သွယ်မှုလုပ်ငန်းတွေဖြစ်တဲ့ Citadel နဲ့ Citadel Securities ရဲ့ ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေဟာ ဖလော်ရီဒါပြည်နယ်က Disney World မှာ အပန်း‌ဖြေခဲ့ရပါတယ်။ အဲဒီခရီးစဉ်အတွက် သူတို့ရဲ့ ကုမ္ပဏီတည်ထောင်သူနဲ့ စီအီးအိုဖြစ်တဲ့ ကန် ခရစ်ဖင်က အကုန်အကျခံပေးခဲ့တာပါ။ ဘီလျံနာသူဌေးဖြစ်တဲ့ ကန် ခရစ်ဖင်က သူ့ရဲ့ဝန်ထမ်း ၁၀၀၀၀နဲ့ သူတို့ရဲ့မိသားစုတွေကို Disney World မှာ (၃) ရက်တာ ပျော်ရွှင်စွာ အပန်းဖြေခိုင်းခဲ့ပါတယ်။

ဂရစ်ဖင်ဟာ နယူးယောက်၊ ဟူစတန်၊ ပါရီ၊ ဇူးရစ်ချ်နဲ့ အခြားမြို့တွေက သူ့ဝန်ထမ်းတွေရဲ့လေယာဉ်ခအတွက်လည်း အကုန်အကျခံပေးခဲ့ပါတယ်။ အဲဒါတင်မကသေးပါဘူး။ တည်းခိုစရိတ်၊ အစားအသောက်စရိတ်၊ ပန်းခြံလက်မှတ်ဖိုးတွေအတွက်လည်း ပေးခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် အဆိုအဖွဲ့ Coldplay ဖျော်ဖြေပွဲလည်း စီစဉ်ပေးခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် ဒီပျော်ပွဲရွှင်ပွဲတွေက Citadel Securities ရဲ့ နှစ် ၂၀ ပြည့်နှစ်ပတ်လည်နဲ့ Citadel ရဲ့ ၃၂ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်ပါတယ်။ အစက ၂၀၂၀ ခုနှစ် လုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုဗစ်ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းထားခဲ့ရတာပါ။

အသက် ၅၄ နှစ်အရွယ် ကန် ဂရစ်ဖင်က ဒေါ်လာ ၃၁.၇ ဘီလျံ ကြွယ်ဝချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် နံပါတ် ၄၀ နေရာမှာ ရပ်တည်နေပါတယ်။
ဒါကြောင့် ဝန်ထမ်းတွေအတွက် အကုန်အကျခံပေးခဲ့တဲ့ ငွေပမာဏက သူ့အတွက် အသေးအမွှားပဲဖြစ်မှာပါ။ သူက သူ့ရဲ့ဝန်ထမ်းတွေကို အလုပ်ကြိုးစားပေးခဲ့တဲ့အတွက်ရော ကုမ္ပဏီအတွက် ရလဒ်ကောင်းတွေရအောင် လုပ်ပေးခဲ့တဲ့အတွက်ပါ ကျေးဇူးတင်ခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့သမိုင်းမှာသာမက ဘဏ္ဍာရေးသမိုင်းမှာပါ ထူးခြားကောင်းမွန်ဆုံးအဖွဲ့ကို ထူထောင်ထားတယ်။ ကျွန်တော်တို့ရှေ့မှာ မယုံနိုင်လောက်စရာအနာဂတ်တစ်ခုရှိတယ်။ ရေးမှတ်ထားဖို့ ကျန်ရှိနေသေးတဲ့ နောက်ထပ်အချိန်ကာလအပိုင်းအခြားတွေအတွက် ကျွန်တော်မျှော်လင့်နေပါတယ်”လို့ သူက ဆိုပါတယ်။

Ref: Billionaire Ken Griffin Treats His 10,000 Employees With An All Expenses Paid 3-Day Trip To Disney World

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top