ရွှေဖရုံသီးလှေနဲ့ ၃၈ မိုင် လှော်ခတ်ပြီး အသက် ၆၀ ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့သူ

1-9-2022-yyl-01.jpg

ရိုးရိုးလှေနဲ့တောင် မိုင် ၃၀ ကျော်လောက် လှော်ခတ်ဖို့ မလွယ်ကူပေမဲ့ နီဘရားစကားပြည်နယ်က အမျိုးသားကဆိုရင် ရွှေဖရုံသီးနဲ့ပြုလုပ်ထားတဲ့ လှေနဲ့ မစ်ဆိုရီမြစ်အတွင်း (၃၈) မိုင် လှော်ခတ်ပြီး အသက် (၆၀) ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့တာပါ။ ဒီလှော်ခတ်မှုနဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ဖို့မျှော်လင့်ရပါတယ်။

အဲဒီအမျိုးသားက ဒွိန်း ဟန်ဆန်ဆိုသူဖြစ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့၊ မနက် ၇ ခွဲလောက်မှာ ၈၄၆ ပေါင်ရှိတဲ့ ဖရုံသီးလှေနဲ့ Bellevue မြို့ရှိ လှေဆိပ်ကနေ စတင်ထွက်ခွာခဲ့တာပါ။ ညနေ ၆ နာရီခွဲမှာ နီဘရားစကားမြို့ကို ရောက်ရှိခဲ့ပါတယ်။

ဟန်ဆန်က ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားတဲ့အနေနဲ့ Bellevue မြို့အာဏာပိုင်တွေကို မျက်မြင်သက်သေတွေလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရွှေဖရုံသီးလှေရဲ့ကျောဘက်မှာ SS Berta ဆိုတဲ့ အမည်ကို ရေးထိုးထားပြီး ဖရုံသီးကို လှေပုံစံဖြစ်အောင် အခေါင်းပေါက်လုပ်ထားပါတယ်။

ဟန်ဆန်ရဲ့ဇနီး၊ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက ခရီးစဉ်ကို မှတ်တမ်းတင်ဖို့ အဲဒီနေရာမှာ ရှိနေခဲ့ကြပါတယ်။ သူတို့ထဲက တချို့ကတော့ ခရီးစဉ်မှာ ပြဿနာတစ်စုံတစ်ရာဖြစ်မှာဆိုးတာကြောင့် ရိုးရိုးလှေနဲ့ သူ့နောက်က လိုက်ပါသွားခဲ့ပါတယ်။

အရင်က ရွှေဖရုံသီးလှေနဲ့ လှော်ခတ်ပြီး ခရီးအရှည်ဆုံးစံချိန်တင်ခဲ့တာဟာ ၂၅.၅ မိုင်နဲ့ ၂၀၁၈ ခုနှစ်ကဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုင်လီ ဂါလိုဝေးက ဟန်ဆန်ရဲ့လျှောက်လွှာကို လက်ခံရရှိထားပြီး ပြန်လည်သုံးသပ်ဖို့ အထောက်အထားတွေ စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

ဟန်ဆန်က ဝါသနာအနေနဲ့ ရွှေဖရုံသီးကြီးတွေ၊ ဘူးသီးကြီးတွေ၊ အခြားဟင်းသီးဟင်းရွက်ကြီးတွေ စိုက်ပျိုးရတာနှစ်သက်တယ်လို့ သိရပါတယ်။

Ref: CNN “A man paddled 38 miles down the Missouri River in a hollowed-out pumpkin”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top