တစ်နှစ်အတွင်းမှာပဲ ရလဒ်ကောင်းကို မြင်တွေ့ခဲ့ရတဲ့ ပါကစ္စတန်ရဲ့ သစ်ပင်စိုက်ပျိုးခြင်း ပရောဂျက်

7-8-2020-yyl-021.jpg

ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို ဖယ်ရှားဖို့အတွက် လုပ်ရမယ့်အရာတွေထဲက တစ်ခုကတော့ သစ်ပင်စိုက်ပျိုးတာပါပဲ။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ သစ်ပင်စိုက်ပျိုးတဲ့ ကမ်ပိန်းတွေ လုပ်ဆောင်လာကြပါတယ်။ နိုင်ငံတော်တော်များများမှာ အပင်ပေါင်း သန်းချီပြီး စိုက်ပျိုးခဲ့တဲ့သတင်းတွေလည်း စာဖတ်ပရိသတ်တွေ မြင်တွေ့ဖတ်ဖူးကြမှာပါ။ တချို့ဆိုရင် နာရီအနည်းငယ်အတွင်းမှာ သစ်ပင် သန်းချီစိုက်ပျိုးနိုင်ခဲ့တာကြောင့် ကမ္ဘာ့စံချိန်တောင်ချိုးနိုင်ခဲ့ကြတာပါ။ ဒီကမ်ပိန်းတွေက ကျွန်တော်တို့ကမ္ဘာကြီးကို ကယ်တင်ပေးနေတာဖြစ်ပါတယ်။

သစ်ပင်စိုက်ပျိုးတဲ့ ကမ်ပိန်းတွေလုပ်ပြီး ရလဒ်ကောင်းကို မြင်တွေ့ခဲ့ရတာတွေလည်းရှိနေပါပြီ။ 10 Billion Tree Tsunami လို့ခေါ်တဲ့ ပါကစ္စတန်ရဲ့အကြီးဆုံးသစ်ပင်စိုက်ပျိုးတဲ့ ပရောဂျက်တစ်ခုဆိုရင် ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးခဲ့တဲ့ အပင်တွေက တိုးတတ်မှုရှိလာခဲ့ပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့နှစ်မှာ စိုက်ပျိုးခဲ့တဲ့ အပင်တွေက အခုနှစ်မှာ သိသိသာသာ ဖြစ်ထွန်းနေတယ်ဆိုတာကို ပုံတွေ၊ ဗီဒီယိုတွေနဲ့အတူတူ ကမ္ဘာတစ်ဝှမ်းက လူတွေ အံ့အားသင့်သွားအောင် ပြခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မာလစ်ခ် အန်မင် အက်စလန် (Malik Amin Aslam) ဟာ ပြီးခဲ့တဲ့နှစ်မှာ 10 Billion Tree ပရောဂျက်အနေနဲ့ စိုက်ပျိုးခဲ့တဲ့အပင်တွေက အခုနှစ်မှာ ဘယ်လိုပြောင်းလဲသွားလဲဆိုတဲ့ ဗီဒီယိုကို တွစ်တာအကောင့်မှာ မျှဝေပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အာစလန် သွားလည်စဉ်အတွင်း ဘာအပင်မှမရှိတဲ့မြေအလွတ်ကြီးက အခုနှစ်မှာ မြက်တွေ၊ သစ်ပင်တွေအပြည့်နဲ့ စိမ်းလန်းတဲ့မြေဖြစ်နေတယ်ဆိုတာကို ဗီဒီယိုက ပြသနေပါတယ်။

10 Billion Tree Tsunami က ပါကစ္စတန်မှာ သစ်ပင်ပြန်လည်စိုက်ပျိုးခြင်းကို မြှင့်တင်ဖို့အတွက် အစိုးရပရောဂျက်တစ်ခု ဖြစ်ပါတယ်။ ပရောဂျက်က ငါးနှစ်သက်တမ်းအတွင်း သစ်ပင် (၁၀) သန်းစိုက်ပျိုးဖို့နဲ့ သစ်ပင်ဧရိယာတိုးလာဖို့၊ သစ်တောပြုန်းတီးတာကို ပြန်လည်ကောင်းမွန်လာဖို့၊ အစိမ်းရောင်ဧရိယာနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အပါအဝင် အခြားရည်ရွယ်ချက်တွေ ရောက်ရှိဖို့မျှော်လင့်ထားပါတယ်။

သစ်ပင်တွေက မြေဆီလွှာပျက်စီးတာကို ကာကွယ်ဖို့၊ လယ်ကွင်းတွေမှာ ရေလည်ပတ်နိုင်ဖို့၊ ရေကြီးတာကို လျော့ပါးသွားဖို့ အကူအညီပေးပါတယ်။ သစ်တောဧရိယာမှာ ပေါက်ရောက်တဲ့ ကောက်ပဲသီးနှံတွေက မိုးခေါင်ခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ ရာသီဥတုပြင်းထန်ခြင်းရဲ့ အကျိုးဆက်ကို ပိုပြီးခံနိုင်ရည်ရှိကြပါတယ်။

ဒါကြောင့် ၂၀၂၀ခုနှစ်မှာ ပရောဂျက်ရဲ့ ရည်မှန်းချက်ရောက်ဖို့အတွက် ၂၀၇၉၈ ဟက်တာအကျယ်အဝန်းရှိတဲ့မြေမှာ အပင်တွေ စိုက်ပျိုးထားပါတယ်။ အားလုံးစုစုပေါင်း (၃၅၀,၀၀၀) ဟက်တာလောက်ရှိတဲ့ အပင်တွေကိုလည်း စိုက်ပျိုးပြီးသွားပါပြီ။ ဖေဖော်ဝါရီလကလည်း ပါကစ္စတန်ရဲ့မြို့တွေက မြေအလွတ်တွေမှာ ပျိုးပင် သန်း (၂၅၀) ကို ဒီနွေဦးမှာစိုက်ပျိုးမယ်ဆိုတဲ့ အစီအစဉ်ကို ပါကစ္စတန်အစိုးရက ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ Lockdown ကြောင့် သူတို့စီစဉ်ထားတဲ့အတိုင်း ဖြစ်ခဲ့လားဆိုတာကတော့ မသိရပါဘူး။ 10 Billion Tree Tsunami ပရောဂျက်မှာ ပြည်နယ် (၂၇) ခုနဲ့ ဒေသ (၃) ခု ပါဝင်ပြီး နိုင်ငံတစ်ဝှမ်းက နေရာတော်တော်များများမှာ သစ်ပင်စိုက်တဲ့ ရလဒ်ကောင်းကို မြင်တွေ့နေရပါပြီ။

Ref: BoredPanda “See How The “10 Billion Tree Tsunami” Tree Planting Campaign Transformed This Area Between 2019 And 2020”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top