Lockdown ကာလအတွင်းမှာ ခွဲထားလို့မရအောင် မိတ်ဆွေတွေဖြစ်သွားကြတဲ့ မြေအောင်းဝက်ဝံနဲ့ ကိုအာလာဝက်ဝံ

4-6-2020-yyl-007.jpg

ကမ္ဘာ့ပေါ်မှာ အပေါင်းအသင်းလုပ်လို့မရတဲ့၊ မတည့်တဲ့တိရစ္ဆာန်လေးတွေရှိကြပါတယ်။ တွေ့တာနဲ့ ရန်စောင်နေကြတဲ့ ခွေးနဲ့ကြောင်ဆိုရင်လည်း မိတ်ဆွေတွေဖြစ်သွားကြတာရှိပါတယ်။ The Fox and the Hound, The Lion King, The Jungle Book လို ဇာတ်ကားတွေထဲမှာပဲ တောရိုင်းတိရစ္ဆာန်တွေရဲ့သူငယ်ချင်းဆက်ဆံရေးကို မြင်တွေ့ရကြပေမယ့် ဓာတ်ပုံဆရာတွေက အပြင်မှာလည်း မတည့်ဘူးလို့ထင်ကြတဲ့တောရိုင်းတိရစ္ဆာန်လေးတွေ အပေါင်းအသင်းမိတ်ဆွေဖြစ်နေကြတာကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရပါတယ်။ သြစတြေးလျနိုင်ငံမှာ အခုလို Lockdown ကာလအတွင်း မြေအောင်းဝက်ဝံနဲ့ ကိုအာလာဝက်ဝံလေးတို့ မိတ်ဆွေတွေဖြစ်သွားကြတယ်လို့ သိရပါတယ်။ အယ်ဆာ ဆိုတဲ့ ကိုအာလာနဲ့ ဟုတ်ဘ် ဆိုတဲ့ မြေအောင်းဝက်ဝံလေးတို့က COVID-19 ကြောင့် Australian Reptile Park ကို ပိတ်ထားရတဲ့အချိန်မှာ မိတ်ဆွေတွေဖြစ်လာခဲ့တာပါ။ ပန်းခြံကို ပြန်ဖွင့်လိုက်ရင်တောင် ဒီတိရစ္ဆာန်နှစ်ကောင်ကို ခွဲထားလို့ရမယ်ပုံမပေါ်ဘူးလို့ ဝန်ထမ်းတွေက ပြောပါတယ်။

တိရစ္ဆာန်ဥယျာဉ်တွေက ပုံမှန်ဆိုရင် ခြံဝန်းတစ်ခုတည်းမှာ မျိုးမတူတဲ့တိရစ္ဆာန်နှစ်ကောင်ကို အတူထားလေ့မရှိကြပါဘူး။ ဒါပေမဲ့ ဒီတိရစ္ဆာန်နှစ်ကောင်ကိုတော့ ချွင်းချက်ထားရမယ့်ပုံပါပဲ။ “သူတို့နှစ်ကောင် အချင်းချင်းသိသွားခင်သွားရင် ပျော်ရွှင်ကြမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သေချာပေါက် ချစ်စရာကောင်းတဲ့ဗီဒီယိုလေးဖြစ်စေပါတယ်။ သူတို့နှစ်ယောက်မှာဖြစ်လာတဲ့ ထူးခြားသူငယ်ချင်းသံယောဇဉ်လေးပါပဲ။ နောက်ထပ်ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ မြင်တွေ့ရဖို့ မစောင့်နိုင်တော့ပါဘူး။ အယ်ဆာနဲ့ ဟုတ်ဘ်တို့က သြစတြေးလျတောရိုင်းတိရစ္ဆာန်တွေအတွက် ကောင်းတဲ့ ambassador တွေပါ။ ကျွန်တော်တို့ရဲ့တောရိုင်းတိရစ္ဆာန်တွေက သူငယ်ချင်းသံယောဇဉ်ကို ရရှိနိုင်ဖို့ အကူအညီအားလုံးလိုအပ်ပါတယ်။ သြစတြေးလျနိုင်ငံက ကမ္ဘာပေါ်မှာ နို့တိုက်သတ္တဝါမျိုးတုံးမှုနှုန်းအဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ကိုအာလာတွေက အခုနှစ်အစောပိုင်းမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် အကောင်အရေအတွက် နည်းပါးလာမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ မျိုးတုံးပျောက်ကွယ်မှုအန္တရာယ်နဲ့ တွေ့ကြုံနေရပါတယ်”လို့ တိရစ္ဆာန်ဥယျာဉ်တာဝန်ခံ ဟေးလေ ရှက်တ်က ပြောပါတယ်။

ကြီးကြပ်ညွှန်ကြားသူတွေ ချန်ထားပေးခဲ့တဲ့ သစ်ရွက်တွေကို ကျွေးမွေးဖို့အတွက် ဟုတ်ဘ်ကို ကိုအာလာခြံဝန်းထဲကို ထည့်လိုက်တဲ့အချိန်ကစပြီး သူတို့နှစ်ကောင်က အပေါင်းအသင်းမိတ်ဆွေတွေဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ကောင် မျက်လုံးမှိတ်ပြကတည်းက သူတို့ရဲ့အပေါင်းအသင်းသံယောဇဉ်က စတင်တော့မယ်ဆိုတာ သိရှိနားလည်ခဲ့ရပါတယ်။ သူတို့နှစ်ကောင် သံယောဇဉ်တွယ်နေပြီဆိုတာ သတိပြုမိပြီးတဲ့နောက်မှာ တိရစ္ဆာန်ဥယျာဉ်ရဲ့ဝန်ထမ်းတွေက သူတို့ကို အတူတူဆော့ကစားခွင့်ပေးထားခဲ့ပါတယ်။ အခုဆိုရင် သူတို့နှစ်ကောင်က အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းတွေဖြစ်နေပါပြီ။

Ref: A Wombat And Koala Have Become Best Friends During Isolation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top