ဆီးချိုရောဂါကိုတွန်းလှန်ပြီး ပေါင် (၁၄၀) ဝိတ်ချနိုင်ခဲ့တဲ့ စိတ်ဓာတ်ခိုင်မာသူ

dia0.jpg
သွားရည်စာတွေ၊ အကြော်အလှော်တွေနဲ့ အဆီအဆိမ့်များတဲ့ အသင့်စားအစားအစာတွေကိုသာ နေ့စဉ်အာဟာရဓာတ်လို တစိုက်မတ်မတ် စားသုံးခဲ့သူက အင်္ဂလန်ပြည်၊ ဝင်ချန် ရွာမှာနေထိုင်တဲ့ အန်ဒရူးကလေတန်ပါ။ (၂၀၁၄) ခုနှစ်မှာ Type-2 ဆီးချိုရောဂါကိုစတင်ခံစားလာရပြီး သူဟာ တစ်ချိန်လုံး မောပန်းနွမ်းနယ်လို့ ပင်ပန်းနုံးချိနေခဲ့ပါတယ်။ လှုပ်ရှားလိုက်တာနဲ့မောဟိုက်နေရပြီး မကြာခဏလည်း ဆီးသွားနေရတဲ့အဖြစ်ပါ။ အဲ့ဒီအချိန်က သူ့ရဲ့ကိုယ်အလေးချိန်က ပေါင် (၃၆၀) အထိ ရှိခဲ့ပြီး အဝလွန်နေတဲ့ခန္ဓာကိုယ်က သူ့ဘဝအတွက်သတိပေးသံဖြစ်လာခဲ့တယ်။
ခါးသီးတဲ့ဝေဒနာကို လက်ခံလိုက်ရပြီးနောက်မှာ သူ့ကိုယ်သူ အပြောင်းလဲကြီးပြောင်းလဲခဲ့တယ်။ သူဟာ ပုံမှန်စားသောက်နေကျ အဆီအဆိမ့်များပြီး အချိုကဲတဲ့ အသင့်စားစာတွေကို လုံးဝစွန့်လွှတ်လိုက်တယ်။ သူရဲ့နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပြီး တိတိကျကျ လုပ်တယ်။ ဆီးချိုရောဂါနဲ့ တည့်တဲ့ ဂျုံနဲ့လုပ်တဲ့ပေါင်မုန့်၊ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အိမ်တွင်းဖြစ်အစားအသောက်တွေကို အစားထိုးလိုက်တယ်။ ထူးခြားကောင်းမွန်အောင် စနစ်တကျ စားသောက်နေထိုင်ဖြစ်လာတယ်။
ဝိတ်ချဖို့နဲ့ ကျန်းမာရေးလိုက်စားဖို့အတွက် (၅) ကီလိုမီတာ ၊ (၁၀) ကီလိုမီတာ အစရှိတဲ့ အပြေးပြိုင်ပွဲမျိုးစုံမှာ တစိုက်မတ်မတ်ပဲ ဝင်ရောက်ပါဝင်ခဲ့ပြီး သူ့ရဲ့အပြောင်းအလဲခရီးစဉ်ဟာ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ကလည်း မယုံကြည်နိုင်စရာကောင်းအောင်ကို ပြောင်းလဲသွားခဲ့တာပါပဲ။ ဆီးချိုရောဂါဒဏ်ကိုတွန်းလှန်ပစ်နိုင်ခဲ့တဲ့အထိပါပဲ။
အခုအခါမှာတော့ အန်ဒရူးဟာ အသိအမှတ်ပြုစရာကောင်းလောက်အောင်ပဲ ကိုယ်အလေးချိန် ပေါင် (၁၄၀) တိတိကို ချပစ်လိုက်နိုင်တယ်။ ဘယ်သူမှထင်မှတ်မထားခဲ့တဲ့ အခြေအနေအဖြစ် သူ့ရဲ့ဆရာဝန်ကပါ အံ့သြချီးကျူးခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ သူဟာ ကိုယ်အလေးချိန် ပေါင် (၂၂၀) သာ ရှိတော့ပြီး ထူးခြားမှု အနေနဲ့ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လန်ဒန်မာရသွန်အပြေးပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွှဲတော့မှာဖြစ်ပါတယ်။ လက်ခုပ်တီးချင်စရာကောင်းလောက်အောင် စိတ်ဓာတ်ခိုင်မာသူ ပါပဲ။ (၂၆) မိုင် တိတိ ပြေးရမယ့် မာရသွန်ခရီးရှည်ဟာ သူ့ဘဝရဲ့ ဆီးချိုရောဂါကို တွန်းလှန်ခဲ့ရတဲ့ ခရီးစဉ်ထက်တော့ မကြမ်းတမ်းနိုင်တော့တာ အသေအချာပါပဲ။ ဇွဲမလျှော့တတ်ဘဲ စိတ်ဓာတ်မာကျောသူတစ်ဦးအဖြစ် လေးစားဖွယ်ရာ မျှဝေပေးလိုက်ရပါတယ်။
Ref: Dailymail ” Obese man who gorged on takeaways reveals how he managed to reverse his Type 2 diabetes … ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top