တရုတ် တိုင်းရင်းဆေးဝါး ထုတ်ရန်အတွက် သတ်ဖြတ်ခြင်း ခံနေရတဲ့ မြန်မာနိုင်ငံမှ ဆင်များ

elephant-large.jpg

အာရှဆင်များဟာ တရုတ်တိုင်းရင်းဆေး တစ်မျိုး ထုတ်ဖော်ရန် အတွက် များစွာ အသတ်ခံရနေပြီး ဆင်ရဲ့အရေပြားကို လိမ်းဆေး တစ်မျိုး အဖြစ် ထုတ်လုပ်ကာ နှင်းခူနာ၊ ဝက်ခြံနဲ့ အစာခြေ လမ်းကြောင်း ဆိုင်ရာရောဂါ များအတွက် ကုသဖို့ အသုံးပြုကြတယ် လို့သိရပါတယ်။

ယခုဖြစ်ရပ်များ မတိုင်ခင်က အာရှဆင်များကို အစွယ်ဖြတ်ရန် အတွက်သာ မှောင်ခို ဖမ်းဆီး သတ်ဖြတ်ကြပြီး ဆင်မများနဲ့ ဆင်ပေါက်လေးများဟာ အစွယ်မရှိတဲ့ အတွက် မှောင်ခိုအသတ်ခံရခြင်းများ ရှားပါးပါတယ်။ သို့ပေမဲ့ တရုတ်နိုင်ငံမှာ ဆင်အရေပြား ဝယ်လိုအား မြင့်မားလာတာနဲ့အမျှ မှောင်ခို ဆင်မုဆိုးများဟာ ဆင်မများနဲ့ ဆင်ပေါက်လေးများ အပါအဝင် တွေ့သမျှဆင်များကို ပစ်သတ် ဖမ်းဆီးကြပါတယ်။ ဆင်ကို သတ်ပြီးတာနဲ့ မှောင်ခို မုဆိုးများ ဟာ ဆင်ကို ပစ်ခဲ့တဲ့နေရာမှာပဲ ဆင်အရေပြားကို  လှီးယူကာ ရောင်းစားနေကြတယ် လို့သိရပါတယ်။

ဒီလိုဆင်အရေပြားဝယ်လိုအားမြင့်မားလာမှုကြောင့် ၂၀၁၃ ခုနှစ်ကစပြီး အရေပြားကြောင့် အသတ်ခံရတဲ့ဆင်များဟာ မြန်မာနိုင်ငံမှာ အကောင်ရေ တစ်ရာ ကျော်ကျော်ရှိနေပြီလို့သိရပါတယ်။ ဒါ့အပြင် ယခု ၂၀၁၇ ခုနှစ်အတွင်းမှာပဲ ဆင်ကောင်ရေ ၂၀ ကျော်ခန့်ဟာ ဆင်အရေပြားကြောင့် အသတ်ခံထားရပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မိုင်းလား မြို့ (Mong La) မှာဆိုရင် အခြောက်ခံထားတဲ့ ဆင်အရေခွံများ၊ ဆင်ရိုးများ နဲ့ မျိုးသုဉ်း တော့မဲ့ ရှားပါးမျိုးစိတ်များကို လွတ်လပ်စွာ ရောင်းဝယ်နေကြပါတယ်။ ဒါ့အပြင် ရှားပါးတိရစ္ဆာန်များရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်းချခြင်း ဈေးကွက်ဟာ မွန်ပြည်နယ်ရှိ Golden Rock လို့လည်း သိကြတဲ့ ကျိုက်ထီးရိုး ဘုရားနား တစ်ဝိုက်မှာ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားနေကြတယ် လို့သိရပါတယ်။

ဆင်အရေပြားကို အခြောက်ခံပြီး အမှုန့်ကြိတ်ကာ အုန်းဆီနဲ့ ရောပြီးလျှင် အရေပြားရောဂါများ နဲ့ အစာခြေ လမ်းကြောင်းဆိုင်ရာ ရောဂါများကို ကုသ ပေးနိုင်တဲ့ လိမ်းဆေးအဖြစ် တရုတ်နိုင်ငံမှာ ဖော်စပ်နေကြပြီး ဆင်ရိုးများကိုတော့ ပုတီးလက်ကောက်များအဖြစ် ဒေါ်လာ ၁၀၀ ပတ်ဝန်းကျင်ခန့် ဈေးနှုန်းနဲ့ ရောင်းချကြတယ် လို့သိရပါတယ်။ ဥပဒေအရ တရားမဝင်တဲ့ အခုလိုမှောင်ခို လုပ်ငန်းများဟာနိုင်ငံတကာနဲ့ ဆက်နွှယ်မှုရှိနေပြီး မြန်မာနိုင်ငံမှာ ဥပဒေကို ကျူးလွန်ကာ မှောင်ခိုဖမ်းဆီးလေ့ရှိတယ် လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဆင်မှောင်ခိုသမားများကို ဖမ်းမိရင် ထောင်ဒဏ် ၇နှစ် အထိ ချမှတ် နိုင်ပေမဲ့ ဥပဒေကို ကျုးလွန်ကာ ဖမ်းဆီးမှုများစွာရှိနေပါတယ်။

တရုတ်နိုင်ငံ အစိုးရဟာ သူတို့ နိုင်ငံအနေနဲ့ ဆင်မှောင်ခိုလုပ်ငန်းမှာ အဓိက လှုပ်ရှားနေတာကို သိရှိပါတယ်။ တရုတ်နိုင်ငံဟာ ဆင်စွယ်ရောင်းဝယ်ဖောက်ကားရေးကို ဥပဒေအရ တားမြစ်ထားပေမဲ့ တရုတ်နိုင်ငံသားအများစုဟာ မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး ဆင်ခန္ဓာကိုယ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းများကို လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။ ဒါကြောင့် အာရှဆင်များ မျိုးမသုဉ်းဖို့အရေးဟာ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ပူးပေါင်းပြီး ဆင်မှောင်ခိုလုပ်ငန်းကို တိတိကျကျ အရေးယူဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်လျက်ရှိနေပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top