မိသားစုအတွက် အချိန်ပေးချင်လို့ သရုပ်ဆောင်အလုပ်ကနေ (၁) နှစ်ခွဲလောက် အနားယူမယ့် အမီရာခမ်း

16-11-2022yyl01.jpg

ဘောလိဝုဒ်မင်းသားကြီးအမီရာခမ်းဟာ သူ့ရဲ့ဘဝကို ရုပ်ရှင်ရိုက်ကူးမှုအပေါ်မှာ မြှုပ်နှံထားခဲ့တာ ၃၅ နှစ်ရှိပါပြီ။ အခုဆိုရင် သူက သူ့မိသားစုကို ဦးစားပေးဖို့ သရုပ်ဆောင်အလုပ်ကနေ (၁) နှစ်ခွဲလောက် အနားယူမယ်လို့ ပြောပါတယ်။

“သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ရိုက်နေတဲ့အခါ ကျွန်တော့်ဘဝမှာ အခြားအရာတွေလုပ်ဖို့တောင် မေ့လျော့နေခဲ့တဲ့အတွက် အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Laal Singh ပြီးရင် Champions ဆိုတဲ့ ရုပ်ရှင်ကားရိုက်ဖို့ စဉ်းစားနေပါတယ်။ အဲဒါက အံ့ဩစရာကောင်းတဲ့ဇာတ်ညွှန်းတစ်ခု၊ လှပတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ အရမ်းကြည်နူးစရာကောင်းပြီး ချစ်စရာကောင်းတဲ့ဇာတ်ကားတစ်ကားပါ။ ဒါပေမဲ့ ကျွန်တော် အနားယူချင်တယ်။ ကျွန်တော့်မိသားစု၊ အမေ၊ ကလေးတွေနဲ့အတူ ရှိချင်တယ်”လို့ အမီရာခမ်းက ပြောပါတယ်။

အမီရာခမ်းက သူ့ငယ်သူငယ်ချင်းရဲ့ပွဲတစ်ခုမှာ ပြောကြားခဲ့တာပါ။ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအပေါ်မှာပဲ စိတ်မြဲမြံစွာ အာရုံစိုက်ဖြစ်နေတာက သူ့အတွက်၊ သူချစ်ရသူတွေအတွက် မတရားဘူးလို့လည်း ပြောခဲ့ပါတယ်။ မကြာသေးခင်က သူ့ရဲ့အမေဟာ နှလုံးရောဂါကြောင့် မွမ်ဘိုင်းဆေးရုံကို တက်ခဲ့ရတယ်လို့ သိရပါတယ်။

“ကျွန်တော် ၃၅ နှစ်ကြာ အလုပ်လုပ်နေခဲ့သလို ခံစားရတယ်။ ကျွန်တော့်ရဲ့အလုပ်ပေါ်မှာပဲ အာရုံစိုက်ဖြစ်ခဲ့တယ်။ ကျွန်တော့်အနီးနားက လူတွေအတွက် ဒါက မတရားဘူးလို့ ခံစားရတယ်။ ကျွန်တော့်အတွက်လည်း မတရားဘူး။ ကျွန်တော့်အတွက် မတူညီတဲ့ဘဝတွေကို တွေ့ကြုံခံစားဖို့ အချိန်ပါပဲ။ ကျွန်တော် မင်းသားတစ်ယောက်အဖြစ် အမှန်တကယ် အလုပ်မလုပ်တော့မယ့် နောက်နှစ်၊(၁) နှစ်ခွဲကို စောင့်မျှော်နေပါတယ်”လို့ သူက ပြောပါတယ်။

အမီရာခမ်းက သရုပ်ဆောင်အနေနဲ့ ခဏအနားယူမှာဖြစ်ပေမဲ့ Champions ရုပ်ရှင်ကားအတွက် ထုတ်လုပ်သူလုပ်မှာပါ။ Champions ကို Aamir Khan Productions၊ Sony Pictures International Productions၊ India and 200NotOut Productions တို့က ပူးတွဲထုတ်လုပ်မှာဖြစ်ပါတယ်။

Ref: Aamir Khan Announces A ‘Year And A Half’ Break From Acting To Focus On His Family

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top