ဖိလစ်ပိုင်ကလေးငယ်လေးကို ကမ္ဘာ့လူဦးရေရဲ့ ၈ ဘီလျံမြောက်လူသားအဖြစ် သတ်မှတ်

16-11-2022yyl02.jpg

ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က မွေးဖွားခဲ့တဲ့ ကလေးမလေးနဲ့ ကမ္ဘာ့လူဦးရေ ၈ ဘီလျံပြည့်မြောက်သွားခဲ့ပါတယ်။ ကုလသမဂ္ဂက ဗီနစ် မာဘန်ဆာဂျ်ဆိုတဲ့ အဲဒီကလေးလေးကို ကမ္ဘာ့လူဦးရေ ၈ ဘီလျံပြည့်မြောက်တဲ့ သင်္ကေတမှတ်တိုင်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့တာပါ။ ကမ္ဘာ့လူဦးရေ ၇ ဘီလျံပြည့်မြောက်ပြီး ၁၁ နှစ်အကြာမှာ ၈ ဘီလျံပြည့်မြောက်သွားခဲ့တာပါ။

ဗီနစ် မာဘန်ဆာဂျ်ကို မနီလာမြို့ရှိ Dr Jose Fabella Memorial ဆေးရုံမှာ အင်္ဂါနေ့ မနက် ၁ နာရီ ၁၉ မိနစ်က မွေးဖွားခဲ့ပါတယ်။ “ကမ္ဘာ့ ၈ ဘီလျံမြောက်ကလေးငယ်ကို ကျွန်တော်တို့ မျက်မြင်တွေ့ခဲ့ရတယ်”လို့ ဆေးရုံရဲ့ဆေးဘက်ဆိုင်ရာအကြီးအကဲ ဒေါက်တာ ရိုမီယို ဘစ်တူအင်က ပြောပါတယ်။

“ဒီမကြုံစဖူးတိုးတက်မှုက ပြည်သူ့ကျန်းမာရေး၊ အာဟာရ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ဆေးဝါးဆိုင်ရာတိုးတက်မှုတွေကြောင့် လူသားတွေရဲ့သက်တမ်းတဖြည်းဖြည်းတိုးလာတာကြောင့်ဖြစ်တယ်။ အချို့နိုင်ငံတွေမှာ ကလေးမွေးဖွားနှုန်းမြင့်မားတာကြောင့်လည်းဖြစ်တယ်”လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လူဦးရေရဲ့အလုံးစုံတိုးတက်မှုနှုန်းက နှေးကွေးနေတယ်လို့လည်း ဆိုပါတယ်။ ၂၀၈၀ ခုနှစ်အထိ ကမ္ဘာ့လူဦးရေ ၁၀ ဘီလျံပြည့်ဖို့ မမျှော်လင့်ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

၂၀၅၀ ခုနှစ်အထိ လူဦးရေတိုးတက်မှုရဲ့တစ်ဝက်ကျော်ဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တန်ဇန်းနီးယားတွေက ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိ ကမ္ဘာ့လူဦးရေရဲ့အများစုက အာရှတိုက်မှာ နေထိုင်ကြပါတယ်။ လာမယ့်နှစ်မှာ အိန္ဒိယက တရုတ်နိုင်ငံထက် လူဦးရေပိုများလာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: TheSun “8 BILLION BABY Birth of milestone little girl in Philippines takes world population to 8 billion”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top